Main menu

တောင်ငူခရိုင်၊ ဖြူးမြို့က တစ်ပိုင်တစ်နိုင် ဝါးခမောက်လုပ်ငန်းအားကွင်းဆင်းစစ်ဆေး

Powered by Drupal

                   တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာရှိ ရွာသူ/ရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသော်လည်း တစ်ဖက်တစ်လမ်းတွင် အပိုဝင်ငွေရရှိရန်အတွက် တပိုင်တနိုင်ဝါးခမောက် လုပ်ငန်းအား လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

              ဝါးခမောက်ပြုလုပ်ရာတွင် အဓိကလိုအပ်သော ကုန်ကြမ်းပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှ အများဆုံးမှာယူရပါသည်။ မိသားစု (၃)ယောက် ဝိုင်းဝန်းလုပ်ကိုင်ပါက တစ်နေ့လျှင် ခမောက်အလုံးရေ (၄၀) ခန့်ပြီးစီးပါသည်။ ရိုးရိုးဝါးခမောက် (၁)လုံးအတွက် ကုန်ကျငွေမှာ (၄၀၀)ကျပ်ခန့်ရှိပြီး (၁)လုံးလျှင် ဖောက်သည် စျေးနှုန်း(၈၀၀)ကျပ်ခန့် ရရှိပါသည်။ ရှယ်ဝါးခမောက် တစ်လုံး၏ ကုန်ကျငွေမှာ (၇၅၀)ကျပ်ခန့် ကုန်ကျပြီး (၁)လုံးလျှင် ဖောက်သည်စျေးနှုန်း (၁၅၀၀) ကျပ်ခန့် ရရှိပါသည်။ ဝါးခမောက်များအား ဖြူးမြို့ မြို့မစျေးကြီးအတွင်းနှင့် ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးမြို့နယ်များသို့ တင်ပို့ရောင်းချရပါသည်။ (၁)ခေါက်လျှင် ခမောက် အလုံးရေ (၁၀၀၀) ကျော် ပုံမှန်ပို့ရပြီး (၁) လလျှင် (၃) ခေါက်လောက် ပို့ရကြောင်း သိရပါသည်။

                 မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သောကြောင့် တောင်သူဦးကြီးများနှင့် စိုက်ပျိုးရေးလုပ်သားများအတွက် ဝါးခမောက်သည် လိုအပ်သောပစ္စည်းတစ်ခု ဖြစ်ပါသည်။ ညောင်ကားယားကျေးရွာမှ ထွက်ရှိသော ဝါးခမောက်များသည် လက်ရာသေသပ်ကောင်းမွန်ပြီး ကြံ့ခိုင်သောကြောင့် ဒေသတွင်း မြို့နယ်များတွင် နာမည်ရပြီးသော ကုန်ပစ္စည်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ဝါးခမောက်လုပ်ငန်းသည် နှစ်ပတ်လည် ပြုလုပ်ရသောလုပ်ငန်းဖြစ်သဖြင့် ညောင်ကားကျေးရွာရှိ တောင်သူဦးကြီးများ၏ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသော ဒေသတွင်း တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်ကြောင်း ဝါးခမောက်လုပ်ငန်းဖြင့် အပိုဝင်ငွေရရှိသူ တောင်သူဒေါ်ထွေးရီ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)