Main menu

သရက်မြို့နယ်ရှိ ဆီးသီးအစို/အခြောက်အဝယ်ဒိုင်လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်တည်ရှိပြီး ပူးပြင်းခြောက်သွေ့သော ဒေသဖြစ်၍ အပူပိုင်းသီးနှံများဖြစ်ပြီး ထနောင်း၊ ဆီးသီး၊ မန်ကျီးစသည့် သစ်ပင်ကြီးများ အလေ့ကျ ပေါက်ရောက်လျှက်ရှိရာ ယာခင်းခရိုးများတွင် အလေ့ကျပေါက်သော ဆီးပင်များနှင့် သီးနှံသစ်တော ရောနှောစိုက်ပျိုးထားသည့် ဆီးပင်များမှ တောင်သူများအတွက် တဖက်တစ်လမ်းမှ ဝင်ငွေများဖန်တီး ပေးလျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သောအဖွဲ့သည် (၂၅.၃.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ သရက်-မင်းတုန်းလမ်းဘေးရှိ ဆီးသီးအစို၊ အခြောက် အဝယ်ဒိုင်သို့ သွားရောက်၍ ဆီးသီးအစို၊အခြောက်ဝယ်ယူရရှိမှု၊ ပြန်လည်ရောင်းချမှု၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် တင်ပို့မှုအခြေအနေများ အား ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ပါသည်။

           ဆီးသီးအဝယ်ဒိုင် ဦးကစ်စနား၏ ပြောကြားချက်အရ သရက်မြို့နယ်တွင် ဆီးသီးအဝယ်ဒိုင် (၂)ဒိုင်ရှိကြောင်း၊ မိမိအဝယ်ဒိုင်တွင် ဆီးသီးအခွံချွတ်စက် (၁)လုံးနှင့် ဆီးဆံခွဲစက်(၁)လုံးရှိကြောင်း၊  လုပ်သားအမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးနှင့် မိသားစုဝင်(၅)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် လျှက်ရှိကြောင်း၊ အမျိုးသားတစ်ဦးလျှင် တနေ့လုပ်သားခ (၇၀၀ဝိ/-) နှုန်းပေးရကြောင်း၊ အမျိုးသမီး များမှာ ဆီးသီးခွဲခြမ်းများ ကိုဇကာချရပြီး (၁)ပိဿာလျှင် ၃၅ဝိ/-နှုန်းဖြင့်ပေးချေရကြောင်း၊ တနေ့လျှင် (၂၀-၃၀)ပိဿာခန့်ဆောင်ရွက်နိုင်သည့်အတွက် (၇၀၀၀မှ၁၀၀၀၀) ကြားဝင်ငွေရှိပါကြောင်း၊ ဆီးသီးအစို၊ အခြောက်များကို နှစ်စဉ်ဇန်နဝါရီလမှစတင်ပြီး ဧပြီလပထမပတ်လောက်ထိ ဝယ်ယူရရှိကြောင်း၊ သရက်မြို့နယ်၊ မင်းတုန်းမြို့နယ်၊ မင်းလှမြို့နယ်များမှလာရောက်ရောင်းချကြောင်း၊ ဆီးသီးအစိုများ အား (၇)ရက်ခန့်ခြောက်အောင်နေလှန်းရကြောင်း၊ နေလှန်းပြီးဆီးသီးခြောက်များအား ရေနှင့်ရော၍ အခွံချွတ်စက်ဖြင့် ကြိတ်ခွဲရာတစ်နေ့  ကြိတ်အားတင်း(၁၀၀၀)ခန့်ကြိတ်ခွဲနိုင်ကြောင်း၊ ဆီးသီးကြိတ်ဖတ် များကို စပါးခင်း၊ ကြက်သွန်ခင်းများတွင် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုရန်အတွက် တောင်သူ များမှလာရောက်ဝယ်ယူကြောင်း၊ ဆီးသီးအစိုဖတ်(၁)တင်းလျှင်(၂၀ဝိ/-)ဖြင့် ရောင်းချရကြောင်း၊ ဓါတ်မြေဩဇာဈေးကြီးမြင့်သည့်အတွက် ထွက်သမျှအကုန်ရောင်းချရကြောင်း၊ ဆီးသီးခြောက်(၅)တင်း ကြိတ်ခွဲလျှင် ဆီးသီးအစေ့(၁)တင်းရရှိကြောင်း၊ ဆီးဆံရရှိရန်အခွံချွတ်ပြီးသား ဆီးစေ့(၁)တင်းအား ကြိတ်ခွဲရာတွင် အဆံ(၁)ပိဿာခန့်ထွက်ရှိပြီး ဆီးဆံ(၁)ပိဿာဈေးနှုန်းကို(၂၃၀၀ဝိ/-)ခန့်ဖြင့် ရောင်းချ ရပါကြောင်း၊ ဈေးကွက်အနေဖြင့် ဆီးဆံများကို မန္တလေး၊ မူဆယ်မြို့များသို့ တင်ပို့ရပါကြောင်း၊ ဆီးခွဲကြမ်း(၁)ပိဿာကို (၆၅)ကျပ်နှုန်းဖြင့် မလိုင်လုံးလုပ်ငန်း၊ ပဲကြော်၊ ပဲလှော်ဖိုများမှ လာရောက် ဝယ်ယူကြောင်း၊ ဆီးသီးအစေ့အခြောက်(၁)တင်းလျှင် ဆီးခွဲကြမ်း(၇)ပိဿာခန့်ထွက်ရှိကြောင်း၊ ဆီးသီးခြောက် ဆီးဆံခွဲစက်မရှိသောအဝယ်ဒိုင်မှလည်း ဆီးစေ့များကို အောင်လံမြို့သို့ တင်ပို့ရောင်းချရာ ဆီးသီးအစေ့ (၁)တင်းကို (၂၂၅၀ဝိ/-)ရရှိကြောင်း၊ အဝယ်ဒိုင်မှ ဆီးသီးအစို/အခြောက်များကို သီးသန့်မခွဲခြားဘဲ ရောနှောဝယ်ယူလျှက်ရှိရာ ယခင်နှစ်က ဆီးသီးတင်း(၃)သိန်း ကျော်ခန့်ဝယ်ယူရရှိ သော်လည်း ယခုနှစ်တွင်ရာသီဥတုအခြေအနေကြောင့် ဆီးသီးတင်း(၁)သိန်းခွဲခန့်သာ ဝယ်ယူရရှိကြောင်း၊  ယခင်နှစ် ဆီးသီးအစို/အခြောက်(၁)တင်း (၁၈၀ဝိ/-၂၀၀ဝိ/-)ခန့်ဖြင့် ဝယ်ခဲ့ရသော်လည်း ယခုနှစ်တွင် စတင်ထွက်ရှိသည့် ဇန်နဝါရီလမှစ၍ အစို/အခြောက်(၁)တင်းလျှင်(၂၈၀ဝိ/-၃၀၀ဝိ/-)ဖြင့်စတင် ဝယ်ယူ ခဲ့ပြီး ယခုလက်ရှိဈေးနှုန်းမှာ (၃၅၀ဝိ/-၄၀၀ဝိ/-)ပေးဝယ်ရပါကြောင်း၊ ယခုနှစ်ဝယ်ယူရရှိသော ဆီးသီး များမှာ အရွယ်အစားသေးငယ်ပြီး အဆံအထွက်နှုန်းနည်းကြောင်း၊ ဆီးသီးအထွက်အနေဖြင့် ယခင်နှစ်ကထက်နည်းသော်လည်း  ဆီးသီးဈေးနှုန်းမှာ ယခင်နှစ်ကထက်ဈေးကောင်း၍ တောင်သူများ အနေဖြင့် လည်းဝင်ငွေပိုမိုရရှိကြောင်း လေ့လာသိရှိရပါသည်။