Main menu

ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ​နေကြာသီးနှံလျာထားချက်ထက် ကျော်လွန်စိုက်ပျိုး

Powered by Drupal

               တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာများ စိုက်ပျိုးလျှက်ရှိရာ နေကြာစိုက်ပျိုးထုတ်လုပ်မှုလျာထားချက်မှာ ဧက ၃၀၀ ဖြစ်ပြီး စိုက်ပျိုးနိုင်မှုမှာ ၃၆၀ ဧက ဖြစ်ပါသည်။ ဖြူးမြို့နယ်၊ ကျားသောင်ကျေးရွာအုပ်စုတွင် မတ်ပဲနှင့်တွဲကာ ပင်ကြား၊ တန်းကြားအနေဖြင့် စိုက်ပျိုးပြီး ယခုအချိန်မှာ စတင်ရိတ်သိမ်းနေချိန်ကာလ ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါသည်။

              ကျားသောင်ကျေးရွာမှ နေကြာစိုက်တောင်သူတစ်ဦးက မြေပဲ၊ နှမ်း၊ နေကြာတို့ကို စိုက်ပျိုးကြောင်း၊ မိမိအနေဖြင့် နေကြာ ၃ ဧကအား မတ်ပဲတွေကြားတွင် တန်းကြားစိုက်ပျိုးကြောင်း၊ နေကြာနှင့် မတ်ပဲကို လေးတောင်ခြားတစ်တန်း စိုက်ရတာဖြစ်သဖြင့် မတ်ပဲလည်းရ၊ နေကြာလည်း ရကြောင်း၊ ယခုနှစ် နေကြာစိုက်ပျိုးပြီးချိန်တွင် မျိုးစေ့ကြဲပြီးနောက် မိုးရွာသဖြင့် မျိုးစေ့အကုန် မပေါက်ကြောင်း၊ ပေါက်လာသည့်အပင်ကလည်း အပင်ကြီးထွားနှုန်းနည်းကြောင်း၊ မိမိတို့ဒေသ ပုံမှန်ထွက်နှုန်းဆိုလျှင် နေကြာတစ်ဧကလျှင် ဆီ ၈ ပုံးမှ ၁၀ ပုံးခန့်အထိ ရကြောင်း၊ ဆီတစ်ပုံးလျှင် နေကြာ ၃ တင်းမှ ၅ တင်းကြိတ်ရကြောင်း၊ အဖျင်းများလျှင် ၅ တင်းကြိတ်မှ ဆီတစ်ပုံးရကြောင်း၊ မိမိတို့ဒေသမှ တောင်သူများမှာ နေကြာကို အစေ့အတိုင်းမရောင်းဘဲ ဆီကြိတ်ကြကြောင်း၊ စားတန် စား၊ ရောင်းတန်ရောင်းပါကြောင်း၊ မြေပဲဆီ၊ နှမ်းဆီနှင့်စာလျှင် နေကြာဆီသည် ဈေးအနည်းဆုံး ဖြစ်ကြောင်း၊ လက်ရှိတွင် မြေပဲဆီ ၁၀ ပိဿာပုံးတစ်ပုံးလျှင် ၉၀၀၀၀ ကျပ်ရှိပြီး နေကြာဆီ ၁၀ ပိဿာ ပုံးတစ်ပုံးလျှင် ၇၅၀၀၀ ကျပ်ရှိကြောင်း ပြောကြားပါသည်။

              မိမိတို့ဒေသတွင် နေကြာစိုက်ပျိုးမှု ပြန်လည်များပြားလာခဲ့ပြီး အခြားဆီထွက်သီးနှံများ ထက် ဝင်ငွေရရှိမှုနည်းသော်လည်း နေကြာစိုက်ရာတွင် အားသာချက်မှာ ပြုပြင်ရလွယ်ကူခြင်း၊ မတ်ပဲနှင့် တွဲစိုက်ပျိုးနိုင်ခြင်းများကြောင့်  ပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျားသောင်ကျေးရွာမှ တောင်သူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)