Main menu

မြင်းခြံခရိုင်၏ ပဲပုတ်စိုက်ပျိုးမှုအခြေအနေ

Powered by Drupal

             မန္တလေးတိုင်း‌ဒေသကြီး၊ မြင်းခြံခရိုင်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ပဲပုတ်စိုက်ပျိုးပြီးစီးမှု အခြေအနေမှာ ယနေ့ထိ(၇၇၆၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက် စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၆၁၂၈) ဧက၊ တောင်သာမြို့နယ်တွင်(၁၄၀)ဧက၊ ငါန်းဇွန်မြို့နယ်တွင်(၁၅၀၁)ဧက စသည်ဖြင့် စိုက်ပျိုးခဲ့ပြီး နွားထိုးကြီးမြို့နယ်တွင် စိုက်ပျိုးမှုမရှိကြောင်း သိရပါသည်။ ပဲပုတ်သီးနှံကို ဩဂုတ် လ၊စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ရိတ်သိမ်းမှုမှာ မတ်လ၊ဧပြီလတို့တွင် ရိတ်သိမ်းကြကြောင်း သိရပါသည်။ ပဲပုတ်စိုက်ပျိုးရာတွင် ပဲပုတ်မျိုးကို တောင်သူများမှ ကိုယ့်မျိုးကိုယ်ထားစနစ်ဖြင့်လည်းကောင်း၊ တောင်သူအချင်းချင်း မျိုးဖလှယ်၍သော်လည်းကောင်း စိုက်ပျိုးကြသဖြင့် မျိုးထပ်မံ လိုအပ်ချက်မရှိကြောင်း သိရပါသည်။ ပဲပုတ်သီးနှံသည် စိုက်ပျိုးသောမျိုးပေါ်မူတည်၍ စိုက်ပျိုးပြီးရက်ပေါင်း(၅၀-၁၄၅) အတွင်းရင့်မှည့်ကြပြီး ရိတ်သိမ်းချိန်တွင် အစေ့အစိုဓာတ်မှာ (၁၅)ရာခိုင်နှုန်းရှိသင့်ကြောင်း၊ ရိတ်သိမ်းပြီးအပင်များကို တလင်းတွင်(၃-၄)ကြိမ် နေလှန်းအခြောက်ခံရပြီး မျိုးထားလိုပါက အစိုဓာတ် (၉.၁၀)ရာခိုင်နှုန်းကြား သိမ်းဆည်းရကြောင်း သိရပါသည်။ ယခင်နှစ် မြင်းခြံခရိုင်၏ ပဲပုတ်စိုက်ပျိုးမှုမှာ (၆၁၈၁)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက် နှုန်းမှာ(၁၂)တင်းနှုန်းဖြင့် တင်းပေါင်း (၇၄၁၇၂)တင်း ထွက်ရှိခဲ့ပါသည်။ယခုနှစ် စိုက်ပျိုးမှုများမှ လက်ရှိမြို့နယ်အလိုက် ရိတ်သိမ်းပြီးစီးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၃၀၀၀)ဧက၊ တောင်သာ မြို့နယ်တွင် (၁၄၀)ဧက၊ ငါန်းဇွန်မြို့နယ်တွင် (၇၀၀)ဧကတို့ ရိတ်သိမ်းပြီးစီးခဲ့ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၁၂.၅၀)တင်းနှုန်း ထွက်ရှိခဲ့ကြောင်းနှင့် ကျန်စိုက်ဧကများကိုလည်း ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်းသိရပါသည်။

            ယခင်နှစ်ပဲပုတ်ပေါ်ချိန်ဈေးအနေဖြင့် တစ်ပိဿာလျှင်(၁၁၀၀) ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၂၅၇၅)ကျပ်ရှိကြောင်း သိရပါသည်။ ယခုအချိန်တွင် ပဲပုတ်များ စတင်ထွက်ပေါ်လျက်ရှိရာ မြင်းခြံပွဲရုံများသို့ အချိန်(၃၀) ဝင်ပိဿာချိန် အိတ်ပေါင်း(၁၀၀)ခန့် နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲပုတ်ကို စားသောက်မှုပုံစံအနေဖြင့် နေ့စဉ်အစား အစာဖြစ်လည်းအသုံးပြုသလို ပဲပုတ်ကို ပဲပုတ်ခြောက် အဖြစ် စားသုံးမှုရှိပြီး ဈေးနှုန်းများမှာ ပဲပုတ်ခြောက်တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ပဲပုတ်စိုတစ်ပိ ဿာလျှင်(၃၂၀၀)ကျပ် ရှိကြောင်း၊ပဲပုတ်ကို မုန့်ပဲသွားရေစာအဖြစ် ကောက်ညှင်းပဲပုတ်၊ ပဲပုတ်စေ့လျှော်စသည်ဖြင့်လည်း ထုတ်လုပ်စားသုံးမှုရှိကြောင်း နွားထိုးကြီးမြို့နယ် ပဲပုတ်တန်ဖိုးမြှင့် ထုတ်လုပ်နေသော လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)