Main menu

ဖြူးမြို့နယ်မှ ပဲတောင့်ရှည် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ အပိုဝင်ငွေရ

Powered by Drupal

        ဖြူးမြို့နယ်ရှိ ညောင်ကားယားကျေးရွာနှင့် ကျွန်းကုန်းကျေးရွာများတွင် ပဲတောင့်ရှည်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနေကြပါသည်။ တစ်နည်းအားဖြင့် တိုင်ထောင်ပဲဟုလည်းခေါ်ပါသည်။

          ပဲတောင့်ရှည်အပင်တွင် အပင်ပုနှင့်  အပင်ရှည်ဟူ၍ (၂)မျိုးရှိရာ ဤဒေသတွင် အပင်ရှည်မျိုးကိုသာစိုက်ပျိုးကြပါသည်။ ပဲတောင့်ရှည်သည် ထွန်ရေးအသင့်အတင့်ရှိပြီး ရေမဝပ်သောမြေကိုနှစ်သက်ပါသည်။ ရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။

            ပဲတောင့်ရှည်အစေ့ တစ်ထုတ်လျှင် ၂၁၀၀၀ကျပ်ပေးရပြီး အပင် ၂၀၀၀ခန့်ရရှိပါသည်။ ပဲတောင့်ရှည်ကို အပွင့်ပွင့်ပြီး တစ်ပတ်အကြာတွင် ဆွတ်ခူးနိုင်ပါသည်။ ပဲသီးများအား မနုမရင့်တွင် ခူးဆွတ်မှသာ စားကောင်းသဖြင့် ဈေးကွက်ဝင်သည့် ပဲသီးများကိုရရှိမည်ဖြစ်ပါသည်။ တစ်ရက်ခြားစီခူးဆွတ်နိုင်ပါသည်။

         ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်တွင် ပဲတောင့်ရှည် အတောင့် ၂၀ပါ တစ်စည်းလျှင် ၇၀၀ကျပ်ဖြင့် ဖြူးမြို့စည်ပင်သာယာဈေးယာယီပျံကျဈေးများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ကြော်စား၊ ချက်စား၊ ပြုတ်စား၊ အစိမ်းစား စသည်ဖြင့် ကြိုက်နှစ်သက်သလိုစားသုံးနိုင်ပြီး ဤဒေသ၌ မုန့်ဟင်းခါးများတွင် ပဲတောင့်ရှည်သီးများကိုထည့်စားကြသဖြင့် ရောင်းအားကောင်းကြောင်း ပဲတောင့်ရှည်စိုက်ပျိုးသူတစ်ဦးထံမှသိရပါသည်။

DOCA(ပဲခူး)