မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကြက်သွန်နီကုန်စည်ဒိုင်သို့ ယောနယ်၊ ပေါက်၊ ရေပြာနှင့် ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဆောင်းစိုက်ပင် စိုက်နွေကြက်သွန်နီများ နေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ကုန်စည်ဒိုင်ဈေးကွက်သို့ စက်တင်ဘာလ(ဒုတိယပတ်)တွင် နေ့စဉ်ကြက်သွန်နီပိဿာချိန် (၄၀၀၀၀) မှ (၅၀၀၀၀) အထိ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မိုးတွင်းကာလဖြစ်၍ ကုန်ဝင်ရောက်မှုနည်းကြောင်း ဈေးကွက်မှ သိရှိရသည်။
ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ ဈေးနှုန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်) တွင် ကြက်သွန်နီ အရည်အသွေးကိုလိုက်၍ ကြက်သွန်နီဈေးနှုန်း များလည်းကွာခြားလျက်ရှိပါသည်။ ပေါက်မြို့(ယောနယ်) ဒေသထွက်ရှိသောကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၉၀၀-၁၈၀၀) ၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၆၀၀-၁၅၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၁၄၀၀-၁၃၀၀)၊ ပခုက္ကူ ကျွန်း(တောင်ဘက်ကမ်း) ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ အလတ်စတစ် ပိဿာလျှင် ကျပ်(၁၆၀၀) ၊ အနိမ့်စ တစ်ပိဿာ လျှင် ကျပ်(၁၁၀၀-၁၃၅၀)နှင့် ပုလဲနယ်မှ ထွက်ရှိသော ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင်ကျပ် (၁၈၀၀ မှ ၁၇၅၀) ဖြစ်ပြီး မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် လက်လီရောင်းချနေသော ကြက်သွန်နီ ဈေးနှုန်းများမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)ဈေးအသီးသီးဖြင့် ရောင်းချနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။
တင်ပို့မှုအနေဖြင့် ပခုက္ကူဒေသမှ ထွက်ရှိသော နွေကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ အများဆုံးတင်ပို့လျက်ရှိပြီး၊ မြန်မာပြည်အောက်ပိုင်း ပုသိမ်၊ ဟင်္သာတ၊ မြဝတီနှင့် တာချီလိတ်မြို့များသို့ တင်ပို့နေကြောင်း၊ တစ်နေ့လျှင်ပိဿာချိန်(၅၀၀၀၀)ကျော် တင်ပို့နေကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)