Main menu

ရာသီချိန်မဟုတ်ဘဲ ဈေးကောင်းရနေသည့် ပြည်မြို့၏ မုန်လာဥဖြူဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီချိန်မဟုတ်ဘဲ စက်တင်ဘာလပထမပတ်မှစတင်၍ မုန်လာဥဖြူများ ရောင်းချနေပြီး ပေါ်ဦးပေါ်ဖျားဖြစ်၍ အရောင်းအဝယ်ဖြစ်ပြီး ဈေးကောင်းလည်းရရှိကြောင်း သိရပါသည်။ မုန်လာဥဖြူကို တို့စရာအပြင် သုပ်စား၊ အချဉ်ထည့်၊ နေလှန်းအခြောက်ခံ၊ ကြိုက်နှစ်သက်ရာ အသားနှင့်ရော၍ ချက်ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ဟင်းချိုအဖြစ်လည်း သောက် သုံးကြပါသည်။ မုန်လာဥဖြူသည် အကြောတက်တတ်သူများအတွက် ဆေးဖက်ဝင်သော အစားအစာတစ်ခုလည်း ဖြစ်ပါသည်။ မုန်လာဥဖြူကို အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြသော် လည်း ရာသီချိန်မှ ပေါ်ထွက်ခြင်းမဟုတ်ဘဲ ရေလောင်းစိုက်ပျိုးထား သောကြောင့် ရာသီချိန်မဟုတ်ဘဲ ဈေးကွက်တွင် ဈေးကောင်းရရှိခြင်းဖြစ်ပါသည်။ မုန်လာဥဖြူ သက်ငယ်မျိုးကို စိုက်ပျိုးပါက စိုက်သက်တမ်း (၃၅) ရက်မှ (၄၀) ရက်သားဝန်းကျင်တွင် နှုတ်ယူနိုင်ပြီး မုန်လာဥဖြူသက်ကြီးမျိုးကို စိုက်ပျိုးပါက စိုက်သက်တမ်း (၅၅) ရက်သားတွင် နှုတ်ယူရောင်းချနိုင်ကြောင်း သိရှိရပါသည်။ မုန်လာဥဖြူကို ဆောင်းတွင်းတွင်သာ ရာသီသီးနှံအဖြစ် စိုက်ပျိုးကြ၍  ရာသီချိန်မဟုတ်သော်လည်း ဝယ်ယူစားသုံးကြသဖြင့် ဟင်းသီးဟင်းရွက်များထဲတွင် ရက်တိုသီးနှံ ဖြစ်သောကြောင့် ဝင်ငွေလည်းအရမြန်ပြီး စားဝတ်နေရေးအတွက် အထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်သည့်အတွက် ရာသီချိန်မဟုတ်သော်လည်း ရေလောင်း၍ စိုက်ပျိုးလာကြပါသည်။ မုန်လာဥဖြူသည် မြေဆီမြေနှစ်အသင့်အတင့်ရှိသောမြေနှင့် ရေသွင်းရေထုတ်ကောင်းမွန်သောမြေ၊ နေရောင်ခြည်ရရှိမည့်နေရာမျိုးနှင့် ထယ်ရေးညက်သောမြေအမျိုးအစားကို ကြိုက်နှစ်သက်သော အပင်အမျိုးအစား ဖြစ်ပါသည်။ မုန်လာဥဖြူကို မိုးအရမ်းများလျှင် စိုက်ပျိုး၍အဆင်မပြေပါ။ မုန်လာဥဖြူကို မှော်ဇာ၊ ပုတီးကုန်း၊ အင်းမ၊ သဲကုန်း၊ ဝက်ပုတ်၊ ဆင်မြီးဆွဲကျေးရွာများမှ အများဆုံး စိုက်ပျိုးကြသော်လည်း ယခုထွက်ရှိသော မုန်လာဥဖြူများမှာ ရွှေတောင်မြို့နယ်ဘက်မှထွက်ရှိသော သီးနှံဖြစ်ပြီး ၎င်းကို ပြည်မြို့ရှိ မြို့မဈေးကြီးနှင့် အခြားဈေးများတွင် ရောင်းချလျက်ရှိပြီး စားသုံးသူများ ကြိုက်နှစ်သက်သောကြောင့် ရာသီချိန်မဟုတ်ဘဲ ဈေးကောင်းပေး၍ ဝယ်ယူစားသုံးကြကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလဒုတိယအပတ်တွင် မုန်လာဥဖြူအကြီး (၅) လုံးတစ်တွဲလျှင် ကျပ် (၇၀၀)နှင့် မုန်လာဥဖြူအလတ် (၅)လုံးတစ်တွဲလျှင် ကျပ် (၅၀၀)အထိရှိ၍ ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ဒေသအတွင်း စားသုံးပိုလျှံမှသာ ရန်ကုန် တညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)