ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတို့မှ ထွက်ရှိသောကြက်သွန် ဖြူ(ရှမ်းခွံနီ)များကို မတ်လတတိယအပတ်အတွင်း စတင်သိမ်းယူနေပြီး တာချီလိတ်အဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချကာ ဈေးကောင်းရရှိနေပါသည်။
မိုင်းတုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲတွင် ယခုနှစ်ကြက်သွန်ဖြူ(ရှမ်းခွံနီ) စိုက်ဧက(၁၄၅၅) ခန့်ရှိပြီး(၇၀၆)ဧက ရိတ်သိမ်းပြီးဖြစ်သည်။ ယခုနှစ်ကြက်သွန်ဖြူ တစ်ဧကအထွက်နှုန်းမှာ (၁.၇၁၆) တန် ထွက်ရှိသည်ဟု မိုင်းတုံမြို့နယ်စိုက်ပျိုးရေးဌာနမှ သိရှိရသည်။
တာချီလိတ်အဝယ်ဒိုင်များတွင် ယခုနှစ်ကြက်သွန်ဖြူ(ရှမ်းခွံနီ)အသစ်များကို တစ်ကီလို (၂၀၀၀)ကျပ်မှစတင်၍ ဈေးကောင်းပေး၍ ဝယ်ယူနေပါသည်။ ယခင်နှစ်ကကြက်သွန်ဖြူ(ရှမ်းခွံနီ) အသစ်ရိတ်သိမ်းပြီးစတွင် တစ်ကီလို ၁၉၀၀ကျပ် ဈေးစတင်ရရှိခဲ့ကာ နောက်ပိုင်းကာလများတွင် တစ်ကီလို(၂၁၀၀)ကျပ်အထိ ဈေးပေးဝယ်ယူခဲ့ကြောင်း ဟောင်လိတ်ကြက်သွန်ဖြူ အဝယ်ဒိုင် (တာချီလိတ်)မှ သိရှိရပါသည်။
သို့ဖြစ်ပါ၍ ယခုနှစ်ကြက်သွန်ဖြူ(ရှမ်းခွံနီ)များ ပေါ်ဦးပေါ်စတွင်ဈေးကောင်းရရှိနေပြီး ကြက်သွန်ဖြူစိုက်တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေနေပါကြောင်း ရေးသားလိုက်ရပါ သည်။
DOCA(ရှမ်း)