မြို့နယ်အစာအာဟာရကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၉-၃-၂၀၂၂ ရက်နေ့ နံနက် ၀၉: ၀၀ နာရီအချိန်တွင် ဘားအံမြို့မဈေး၊ စူပါမားကတ်နှင့် ရပ်ကွက်များရှိ ကလေးအာဟာရအရောင်းဆိုင်များသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော Code No. (၇) လုံးမှ (၉) လုံးတွင် ပထမဂဏန်းမှာ (၂၂-၃၇) အတွင်းပါရှိပြီး၊ Code No. တွင် ပါဝင်သော စာသားများတွင် K8/SH/Z2 ပါရှိပြီး၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲသည် (၁-၄-၂၀၂၂) သို့မဟုတ် ဧပြီလ (၁) ရက်နေ့ စသည့်အချက်များပါရှိသော Similac နို့မှုန့်များ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် Similac နို့မှုန့်များ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးမှုမရှိကြောင်း တွေ့ရှိရပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်မေသူနွယ် က Code No. များပါသည့် Similac နို့မှုန့်များ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးခြင်းမပြုရန်နှင့် ဈေးကွက်အတွင်း ဝင်ရောက်တွေ့ရှိမှုရှိပါက သက်ဆိုင်ရာဌာနကို အကြောင်းကြားပေးပါရန် ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ခွင့်ပြုချက်ရရှိထားသည့် Similac ကလေးနို့မှုန့်များကိုသာ တင်သွင်းရောင်းချပေးပါရန်နှင့် စံသတ်မှတ်ချက်နှင့်အညီ ထားသိုသိမ်းဆည်းရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ပါဝင်ရမည့်အချက်များ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာန၏သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)