ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြ ဒု-ဦးစီးမှူး၊ ဦးဆောင်သောဝန်ထမ်းများနှင့် မြို့နယ်စည်ပင်၊ မြို့နယ်ထွေအုပ်ပါဝင်သော ပူးပေါင်းအဖွဲ့သည်(၂၉-၃-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မောင်တောမြို့နယ် မြို့တောင်ရပ်ကွက်နှင့် မြို့မဈေးအရှေ့ရပ်ကွက်ရှိ လက်လီကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်စေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မောင်တောမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များအများစုမှာ နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာ ဘင်္ဂလီဘာသာစကားဖြင့် ဖော်ပြထားကြောင်း စီစစ်တွေ့ရှိရပါသည်။
မောင်တောမြို့နယ်တာဝန်ခံ ဦးအောင်ထွန်းမြမှ ဆိုင်လုပ်ငန်းရှင်များအား ဤကဲ့သို့ ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသားများကို နိုင်ငံခြားဘာသာဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများအား မရောင်းချရန်၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဦးစားပေးရောင်းချကြပါရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ကုန်သွယ်မှုပြုရာတွင် လိုက်နာဆောင်ရွက်ရမည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)