စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ၂၀၂၀-၂၀၂၁ခုနှစ်တွင် ဌက်ပျော(မိုး) (၇၆၁၆)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ဝက်လက်မြို့နယ်အနေဖြင့် (၂၃၁၁)ဧက စိုက်ပျိုးထားပြီး ရွှေဘိုခရိုင်တွင် ဒုတိယအများဆုံးစိုက်ပျိုးသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ဝက်လက်မြို့နယ်တွင် ဌက်ပျောအဓိကအများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ ရွှေပန်းကုံး၊ ရွှေအိုးရ၊ ကိုင်းရွာ၊ သမ္မရိုး၊ ဉယျာဉ်မ၊ တည်တော၊ မြင်းသီ၊ ကျောက်တိုင်ရွာတို့ဖြစ်ကြပြီး အချို့ရွာများတွင်လည်း ဌက်ပျောကို တစ်နိုင်တစ်ပိုင်အဖြစ် နေအိမ်၌ စိုက်ပျိုးကြောင်းသိရသည်။
ဌက်ပျောကို အတန်းခြား(၇)တောင်နှင့် အပင်ခြား(၅)တောင်ထား၍ တစ်ကျင်းကို (၂)ပင်နှုန်းဖြင့် စိုက်ပျိုးကြောင်း၊ ဖီးကြမ်းဌက်ပျော၊ ဘရာဇီးဌက်ပျော(ခေါ်)ဝက်မလွက် ဌက်ပျောနှင့် ခွန်စိမ်းဌက်ပျောမျိုးများကို အများဆုံးစိုက်ပျိုးကြောင်း၊ နွေရာသီတွင်(၂)လတစ်ခါ ရေတင်ပြီး အာမိုအနက်(သို့)အဖြူအနက်တွဲ၍ မြေဆီကျွေးရကြောင်း၊ မိုးရာသီတွင် ရေတင်စရာ မလိုကြောင်း၊ အပင်ပြုစုမှုကောင်းသည့်အပေါ် မူတည်၍ ဌက်ပျောခိုင်တစ်ခိုင်လျှင် (၈)ဖီးမှ (၁၀)ဖီးထိ သီးကြောင်း၊ ယခုအချိန်တွင် ဈေးကွက်အနေအထားအရ ဌက်ပျောသီးတစ်ဖီးလျှင် လက်လီရောင်းဈေးမှာ အနည်းဆုံး(၈၀ဝိ/-) ပေါက်ဈေးရကြောင်း၊ ပွဲစားမှ ခြံအရောက်လာရောက်ဝယ်ယူပါက တစ်ဖီးလျှင် (၅၅ဝိ/ မှ ၆၀ဝိ/-)ဖြင့် ဝယ်ယူကြောင်း၊ ပွဲစားမှတစ်ဆင့် မန္တလေးမြို့နှင့် မုံရွာမြို့ရှိ ဌက်ပျောပွဲရုံ များသို့ ရောင်းချကြောင်း၊ အလှူ၊ မင်္ဂလာ၊ သာရေး/နာရေးပွဲများရှိပါကလည်း ခြံအရောက် လာရောက်၍ ဝယ်ယူသည်များလည်းရှိကြောင်း သိရသည်။ ဌက်ပျောစိုက်တောင်သူများနှင့် ချိတ်ဆက်ဆွေးနွေးမှုအရ ဌက်ပျောစိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရကြောင်း သိရှိရပါသည်။