Main menu

အထက်မင်းလှမြို့နယ်တွင် မိုးနှမ်း(နှမ်းနီ)အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာသည် မြေပဲ၊ နှမ်း၊ ဝါ၊ ခရမ်းချဉ်သီး၊ မေမြို့ပန်း၊ သပြေပန်းနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက်စိုက်ပျိုးကြပြီး မိုးနှမ်းကို ၂၀၂၄ခုနှစ်၊ ဇွန်လကုန်တွင် တောင်သူ(၇၀)ဦးမှ ဧက(၃၀၀) ခန့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

    မိုးနှမ်းစိုက်ပျိုးရာတွင် နှမ်းနီမျိုးကို အဓိကစိုက်ပျိုးကြပြီး တောင်သူ ဦးဝင်းသိန်းက ၎င်းအနေဖြင့် နှမ်းနီ(၅)ဧကခန့်ကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊  မျိုးကို ယခင်နှစ်နှမ်းစိုက်ခင်းမှထွက်ရှိသည့် နှမ်းစေ့များကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၂)ပြည်ခန့် ကုန်ကျပါကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၇၅)ရက်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြား သွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၇)တင်းသာ ထွက်ရှိပြီး ယခုစက်တင်ဘာလ(ဒုတိယပတ်)တွင် နှမ်းနီ(၁)တင်လျှင် ကျပ်(၁၁၀၀၀၀) ခန့် ဈေးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချပြီး ထိုမှတဆင့် မန္တလေးမြို့သို့ တင်ပို့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် (၁)ဧကလျှင် ကျပ်(၄၂၀၀၀၀)ခန့် ရရှိကြောင်း၊ ယခုနှစ်တွင် မိုးခေါင်မှုကြောင့် မင်းလှမြို့နယ်အတွင်း နှမ်းအထွက်နှုန်းလျော့နည်းကြသော်လည်း နှမ်းဈေးမှာ ယခင်နှစ်ကထက် ဈေးကောင်းရရှိ၍ တောင်သူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)