Main menu

မင်းလှမြို့ တူးမြောင်းကျေးရွာရှိ တနိုင်တပိုင် ဗုံလုံသီးစိုက်ခင်း

Powered by Drupal

     ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးသည် အိန္ဒိယတွင် စတင်ပေါ်ပေါက်လာသည်ဟု ယူဆကြသည်။ အမျိုးအစားများကို အတိအကျခွဲခြားထားခြင်းမရှိပေ။ ပူနွေးသောရာသီဥတုရှိသောဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး အအေးဒဏ်ခံနိုင်သောကြောင့် တောင်ဒေါ်ဒေသတွင်စိုက်ပျိုး၍ မဖြစ်ထွန်းပေ။ ပဲလင်းမြွေသီး(ခေါ်) ဗုံလုံသီးသည် မြေဩဇာအသင့်အတင့်ရှိပြီး ရေစီးရေလာကောင်းသော သဲမြေ၊ နုန်းမြေများတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးသည် ပူနွေးသောရာသီဥတုကို နှစ်သက်သဖြင့် မြန်မာပြည်အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းသည်။

      သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗုံလုံသီးအား စိုက်ပျိုးလျက်ရှိရာ တူးမြောင်းကျေးရွာတွင်လည်း တနိုင်တပိုင်စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးရာတွင် အလျား(၃၂)ပေ အနံ(၃)ပေအကျယ်ရှိသောမြေကွက်အား တူးဆွ၍ မြေဆွေးနှင့် မြေသားရောကာ စိုက်ဘောင်အမြင့် (၁)ပေပြုလုပ်၍ စိုက်ပျိုးကြောင်း သိရသည်။ ကျင်းဖြင့်စိုက်ပျိုးခြင်းလည်းရှိပြီး တကျင်းနှင့်တကျင်း (၅)ပေခွာ၍ တူးရသည်။ ကျင်းအနက်ကို (၁)ပေ - (၁)ပေခွဲ၊ ကျင်းအကျယ်(၂)ပေ ပတ်လည်တူးပြီး မြေဆွေးကိုကျင်းထိပ်အထိ ဖြည့်ရသည်။ ဗုံလုံသီးကို မျိုးစေ့အား ကျင်းသို့တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်ပြီး မြေပြုပြင်ထားသော စိုက်ဘောင်(သို့မဟုတ်) စိုက်ကျင်းတွင် မျိုးစေ့(၃-၄)စေ့ကို တစ်ကျင်းနှင့်တစ်ကျင်း (၅)ပေခွာထည့်၍ စိုက်ပျိုးရသည်။ (၁၀)ရက်ခန့်ကြာလျှင် အပင်ငယ်စတင်ပေါ်ထွက်လာမည်ဖြစ်ပြီး အပင်ငယ်များနွယ်တက်ရန် ဝါးခြမ်းစိုက်ပေးပြီး စင်တင်ပေးရမည်။  ကုန်ကျစရိတ်အနေဖြင့် အသီးမှ အစေ့များ မျိုးစေ့အဖြစ် ပြန်လည်စိုက်ပျိုးခြင်းကြောင့် ကုန်ကျမှုနည်းပါးခြင်း၊ မြေဆီမြေနှစ်မှာ ကောင်းမွန်၍ မြေဩဇာအနည်းငယ်ထည့်ရုံဖြင့် လုံလောက်ခြင်းကြောင့် ကုန်ကျစရိတ် နည်းပါးခြင်း၊ အပင်နွယ်တက်ရန် စင်တင်ရာတွင်အသုံးပြုသော ဝါးကပ်ခြမ်းကုန်ကျစရိတ် စသည်ဖြင့် (၅၀၀၀၀၀)ခန့် ကုန်ကျကြောင်း မင်းလှမြို့နယ်၊ တူးမြောင်းကျေးရွာရှိ တောင်သူတစ်ဦးထံမှ သိရှိရသည်။

       အသီးများကွေးကောက်မှုမရှိပဲ ဖြောင့်တန်းရန်အတွက် အသီး၏အောက်ဖျားတွင် ခဲဆွဲပေးရပါ မည်။ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးသည် ဖြောင့်တန်းပါက (၅)ပေအထိရှည်လျားနိုင်သည်။ ထို့ကြောင့် ဗုံလုံသီးကို စင်ကိုအမြင့်တင်စိုက်ပျိုးရန် လိုအပ်ပါသည်။ ဗုံလုံသီးကို မိုးဦးကာလ မေလ၊ ဇွန်လများတွင် စိုက်ပျိုးပြီး အောက်တိုဘာလ၊ နိုဝင်ဘာလများတွင်လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၇)ပတ် (၈)ပတ်ခန့်တွင် အသီးများကို ဆွတ်ခူးတိုင်ပြီး အပင်များမနာစေရန် အသီး၏အညှာကို ဓား၊ ကတ်ကြေး တို့ဖြင့် ဖြတ်တောက်၍ ခူးရပါသည်။ ဗုံလုံသီးရာသီပေါ်ချိန်တွင် တစ်ဧကလျှင် အထွက်နှုန်းမှာ အတောင့် (၄၀၀၀၀)မှ (၅၀၀၀၀)နီးပါးခန့်အထိ ထွက်ရှိကြောင်း သိရှိရသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလ တတိယအပတ်တွင် လက်ကားဈေးအနေဖြင့် ဗုံလုံသီးအတောင့်(၁၀၀)လျှင် (၇၅၀၀)ကျပ်၊ လက်လီဈေးအနေဖြင့် မင်းလှမြို့မဈေးတွင် ဗုံလုံသီးငါးတောင့်ပါ တစ်စည်းလျှင် (၂၅၀၀)ကျပ်၊ တစ်တောင့်လျှင် (၇၀၀-၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်အနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မင်းလှမြို့နယ်မှ ဗုံလုံသီးများကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေး၊ မင်းလှမြို့တွင်းနှင့် အနီးနားရှိ မြို့နယ်၊ ကျေးရွာများသို့တင်ပို့လျက်ရှိကာ ဗုံလုံသီးစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်သဖြင့် တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)