Main menu

ရွှေတောင်ဒေသထွက် ရေဥ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၏ ဒေသထွက်အစားအစာများထဲတွင် ရေဥသည် ဒေသအကြိုက်အစားအစာတစ်ခုဖြစ်ပါသည်။ ရေဥကို ရေသန့်သောရေကန်များတွင် ပေါက်ရောက်ပြီး ဆယ်ယူရာတွင် ရေမှော်များကိုဖယ်ရှား၍ ဇကာများဖြင့် သယ်ယူရပါသည်။ ဆယ်ယူပြီးသောရေဥများကို သန့်စင်အောင်ရေဆေးကြောပြီး ပီနံအိတ်ထဲသို့ထည့်ကာ တစ်ည ရေစစ်ထားရပါသည်။ ရေစစ်ပြီးသောရေဥများကို ဖြန့်ထားရပါသည်။ ဖြန့်ထားသောအချိန်တွင် ရေဥများသည် လေသလပ်သောအခါ အညိုရောင်သို့ ပြောင်းသွားပြီး ပြန်လည်မွှေပေးလိုက်သောအခါ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ ရေဥများကို (၅)ရက်တစ်ခါ တစ်ပတ်တစ်ခါဆယ်ယူသည်။ ရေဥများသည် အအေးကြိုက်ပြီး အပူကြောက်သောကြောင့် နွေရာသီတွင်အထွက်နည်းပါသည်။ မိုးရာသီတွင်အများဆုံးထွက်ရှိပြီး အလှငါးမွေးမြူသူများမှလည်း ရေဥကိုငါးစာအဖြစ်ဝယ်ယူသည်။ တခြားမြို့နယ်များသို့သယ်ယူရာတွင်လည်း သေချာထုတ်ပိုးပြီး ရေခဲပုံးများတွင် ရေခဲများထည့်၍ သယ်ယူရပါသည်။ ရေဥကိုရေစစ်နှင့်စစ်ပြီးမှ ဆယ်ယူ၍ချက်စားရာတွင် ရှောက်ရွက်လေးများအုပ်ပေးလျှင် အလွန်ဆိမ့်သောအရသာရှိပါသည်။ ၂၀၂၄ခုနှစ် စက်တင်ဘာလတတိယအပတ်တွင် ရေဥတစ်ပြည်လျှင် (၃၅၀၀)ကျပ်ဖြစ်ပြီး လက်လီဈေးမှာနို့ဆီဘူး (၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရှိရပါသည်။ ရေဥသည်မြန်မာတစ်နိုင်ငံလုံးတွင် ရွှေတောင်မြို့၌သာ ထွက်ရှိသော ဒေသအစားအစာ ဖြစ်ပါသည်။

DOCA(ပဲခူး)