မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။
အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစတင်၍ ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး၊ စိုက်ပျိုးမှုအတွက် မျိုး၊သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ်၆၈၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၄၉တင်းခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ တတိယပတ်တွင် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် ငွေကျပ်၂၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
အကျိုးအမြတ်အနေဖြင့် အစေ့ထုတ်ပြောင်းတစ်ဧကလျှင်ငွေကျပ်၅၉၀၀၀၀ခန့်အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အစေ့ထုတ်ပြောင်းဈေးနှုန်းများသည် ယခင်နှစ်ကာလတူထက် ဈေးကောင်းရရှိသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)