မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာ၌ နှမ်း၊ နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ မြေပဲနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက် စိုက်ပျိုးကြပြီး မိုးခရမ်းချဉ်သီး (ထိုင်ဝမ်မျိုး) စိုက်ဧက(၁၃)ဧကခန့်ကို တောင်သူ(၁၀)ဦးမှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လကုန်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။
မယ်ဇလီတောကျေးရွာနေ တောင်သူဦးဝင်းသိန်းက ၎င်းအနေဖြင့် မိုးခရမ်းချဉ်သီး(၂)ဧကခန့်စိုက်ပျိုးထားပြီး (၁)ဧကလျှင် မျိုးစေ့ထုပ်(၆)ထုပ်မှ (၈)ထုပ်ထိကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့အားပျိုးထောင်ပြီး အပင်(၂၅)ရက်သားအရွယ်တွင် မြေချ၍ ဘောင်တင်စနစ်ဖြင့် စိုက်ပျိုးကာ အပင်သက်တမ်း(၉၀)ရက်သားတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့(၁)ထုပ်လျှင် ကျပ်(၂)သောင်း မှ (၃)သောင်းထိပေးရပြီး မင်းလှမြို့စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူပါကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၂၈)သိန်း မှ (၃၀)ကြားကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ပိဿာချိန်(၅)ထောင် မှ(၁)သောင်းထိထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၁၂၀၀ မှ ၁၈၀၀)ထိဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ဈေးနှင့် မန်းသံပုရာကန်ရေနံချက်စက်ရုံ(PIC)ဈေးသို့ တင်ပို့ရောင်းချကြောင်း၊ ခရမ်းချဉ်သီးမှာ မိုးရာသီတွင်စိုက်ပျိုးရာ၌ အပင်ဖြစ်ထွန်းမှုနည်းပြီး အသီးအထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိတတ်ပြီး ဆောင်းရာသီတွင်မူ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရှိမှု နည်းပါးကြောင်း သိရှိရပါသည်။
DOCA(မကွေး)