Main menu

ဆိပ်ဖြူမြို့နယ်၌ ပဲကြီးသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ဆူးလေကုန်း၊ ကမ္ဘားကြီးကျေးရွာများတွင် နှစ်စဉ် ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲကြီးသီးနှံကိုလည်း (၇၀)ဧကခန့်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပဲကြီးသီးနှံသည် သဲဆန်သည့် မြေအမျိုးအစားများတွင် စိုက်ပျိုးမှုများကြောင်း၊ ပဲကြီးဖြူ(အလုံးကြီး) မျိုးကို နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲ၍ လေးကွက်ကြားစနစ်ဖြင့် စူးထိုးပြီး အစေ့ချ၍ နှစ်တောင်ကြားစိုက်ပျိုးကြောင်း၊ ယခင်နှစ်က အောက်တိုဘာလကုန်ပိုင်းတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင် သီးနှံရိတ်သိမ်းကြောင်း၊  စိုက်ပျိုးမှုအနေဖြင့် တစ်ဧကလျှင် မျိုးစေ့(၈)ပြည်ခန့်ကုန်ကျပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် တင်း(၂၀ - ၂၂) တင်းခန့် ထွက်ရှိကြောင်း၊ သီးညှပ်သီးနှံအဖြစ် ဗမာပြောင်းဖူးမျိုုးကို စိုက်ပျိုးကြောင်း၊ ပဲကြီးသီးနှံမှာ တစ်ပင်လုံးအသီးရင့်ပြီး ခြောက်သည်အထိထားရှိ၍ သက်တမ်း(၄)လခန့် ကြာမြင့်ကြောင်း သိရှိရပါသည်။

  ဈေးနှုန်းအနေဖြင့် ယခင်နှစ်ကဒေသတွင်းသီးနှံပေါ်ပြီး ဈေးကွက်သို့ရောက်ရှိချိန် မတ်လတွင် ပဲကြီးဖြူ(အလုံးကြီး) တစ်တင်းလျှင် ကျပ်(၇၅၀၀၀)ဖြင့် ရောင်းချရပြီး စက်တင်ဘာလ (ပထမပတ်) တွင် ကျပ်(၈၀၀၀၀)၊ (ဒုတိယပတ်)တွင် ကျပ်(၈၅၀၀၀)ဈေးဖြင့် ရောင်းချရပြီး ဈေးနှုန်း ဆက်လက်မြင့်တက်ခဲ့ရာ စက်တင်ဘာ(တတိယပတ်)တွင် ကျပ်(၉၀၀၀၀) ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၁၁)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဒေသတွင်းပဲကြီးစိုက် တောင်သူများအနေဖြင့် ထွက်ရှိသောပဲကြီးကို သီးနှံပေါ်ချိန်မှစ၍ လက်ကျန်နည်းချိန်အထိ ဈေးနှုန်းဈေးကွက်ပေါ်မူတည်၍ တစ်စုတစ်စည်းတည်း ရောင်းချခြင်းမရှိဘဲ အကြိမ်ကြိမ်ခွဲ၍ ရောင်းချကြောင်း သိရှိရပါသည်။

   ဈေးကွက်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် ပဲကြီးများကို မြို့ပေါ်ရှိပဲကြော်ပဲလှော် လုပ်ငန်းရှင်များမှဝယ်ယူကြောင်း၊ ချောက်မြို့ရှိပွဲရုံသို့လည်း ရောင်းချလျက်ရှိပြီး ထိုမှတစ်ဆင့် ဒေသ တွင်းနေရာအနှံ့အပြား ရောင်းချကြောင်း သိရှိရပါသည်။ ပဲကြီးသီးနှံကုန်ကြမ်းမှ တစ်ဆင့်ထုတ်လုပ်ရရှိသော ပဲခြမ်းကြော်၊ ပဲပူးကြော်အမျိုးမျိုးနှင့် ပဲကြီးလှော်စသည့် စားသောက်ကုန်များသည် မြန်မာလူမျိုးများအတွက် ရိုးရာအခြေခံစားကုန်တစ်မျိုးဖြစ်ခြင်းကြောင့် နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း၊ ယခုအချိန်တွင် ပဲကြီးလက်ကျန်နည်းပြီး ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာ၍ စိုက်တောင်သူများမှာ ရာသီဥတုအပေါ်မူတည်၍ ဆောင်းအဝင် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ပဲကြီးသီးနှံများကို စိုက်ပျိုးရရှိသည့်မြေများတွင် တိုးချဲ့စိုက်ပျိုးရန် မြေပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)