စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ ဦးလှကြိုင်နှင့်သားများ “ အားမာန်ခေတ်” စက်မှုသံဂဟေဆက်လုပ်ငန်း၊ လုပ်ငန်းရှင် ဦးစိုးပိုင်နှင့်တွေ့ဆုံ၍ လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်နေမှုအခြေအနေများအား မေးမြန်းခဲ့ပါသည်။
“အားမာန်ခေတ်” စက်မှုသံဂဟေဆက်လုပ်ငန်းမှထုတ်လုပ်နေသော လယ်ယာသုံးစက်ကိရိယာများသည် တောင်သူများ၏ စိုက်ပျိုး၊ ရိတ်သိမ်းမှုနှင့် ကိုက်ညီအဆင်ပြေသည့် စပါးခြွေ စက်၊ ပဲခြွေစက်၊ ကောက်ရိတ်စက်၊ လယ်ယာသုံးထွန်စက်၊ စပါးသယ်ယူသည့်ပုံးများအား ထုတ်လုပ်ရောင်းချခြင်းအပြင် ပြင်ဆင်ပေးမှုများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ယခုနှစ် ပဲ၊ စပါးရာသီအတွက် လယ်ယာသုံးစက်ကိရိယာ အစီး(၂၀)ထုတ်လုပ်ပြီး အများအားဖြင့် ပဲခြွေစက်နှင့် စပါးသယ်ပုံးများဖြစ်ပါသည်။ ယခုစက်တင်ဘာလတွင် ရောင်းချနေသော လယ်ယာသုံးစက်ကိရိယာဈေးနှုန်းများမှာ ပဲခြွေစက်တစ်စီးလျှင် ငွေကျပ် သိန်း (၁၅၀) ဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းမှာ ငွေကျပ် သိန်း (၇၀-၈၀)သာရှိကြောင်း၊ စပါးပုံးတစ်ခုလျှင် ငွေကျပ် (၁၆)သိန်းဖြင့် ထုတ်လုပ်ရောင်းချနေကြောင်းသိရပါသည်။ စပါးရိတ်သိမ်းကာလတွင် စပါးသယ်ယူရာ၌ တောင်သူအများစု၏ လယ်ယာများထွန်စက်ဘီးကျွံမှုကြောင့် မြောင်းများဖြစ်ပေါ်ကာ လယ်ယာပျက်စီးခြင်းမှသက်သာစေပြီး အချိန်မီသယ်ယူမှုမြန်ဆန်သည့် ချိန်းဘီး၊ ချပ်ပြားဘီးများပါဝင်သည့် စက်တွဲပုံးများတီထွင်ပြီး စမ်းသပ်ထားမှုအား အငှားစနစ်ဖြင့် ဆောင်ရွက်နေကြောင်းသိရပါသည်။ လာမည့်စပါးစိုက်ပျိုးကာလ၌ ထွန်ပြီး၊ အစေ့ချ၊ ပြန်ဖုံးစနစ်အားတီထွင်၍ စမ်းသပ်သွားမည်ဖြစ်ကြောင်းနှင့် ပင်ကြား၊ တန်ကြား ပေါင်ပင်များ တောင်သူများ တမန်းပြင်အချိန်ကုန်သက်သာ၍ တောင်သူများကြိုက်နှစ်သက်သည့် ခေတ်စနစ်နှင့်အညီထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်းသိရပါသည်။
ထိုကဲ့သို့ စွန့်ဦးတီထွင်စမ်းသပ်မှုတွင် ရင်းနှီးရသောငွေကြေး၊ လုပ်သား၊ အချိန်တို့အတွက် ခေတ်မီစက်ကိရိယာများဖြစ်သည့် (ဥရောပ၊ စပိန်) နိုင်ငံထုတ်ဖြတ်စက်၊ ဖောက်စက်တို့အတွက် ငွေကျပ် သိန်း(၁၅၀၀)ခန့်ကုန်ကျခံ၍ ရင်းနှီးရမှုအပေါ် လုပ်ငန်းတွင်ကျယ်စွာဆောင်ရွက်နိုင်ကြောင်းသိရပါသည်။
တောင်သူများအသုံးပြုနေသည့် တန်ဖိုးကြီးလယ်ယာသုံးစက်ကိရိယာများ ပျက်စီးမှု၏ စက်အစိတ်အပိုင်းများပြုပြင်ရာတွင် စက်အပိုပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူရင်းနှီးရသည့် အခက်အခဲများရှိကြောင်းနှင့် သံဂဟေ၊ တွင်ခုံ၊ စက်မှုလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်လာသည်မှာ နှစ် (၃၀)ခန့်ဖြစ်၍ စွန့်ဦးတီထွင်မှု၊ စမ်သပ်မှုများ ဒီဇိုင်းများအားလည်း လုပ်ငန်းရှင်များကိုယ်တိုင်ဖန်တီးမှုများရှိနေ၍ အခြားသောလုပ်ငန်းတူများမှ တုပမှုများမပြုနိုင်ရေး မူပိုင်ခွင့်ရယူသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများဖွံဖြိုးတိုးတက်စေရေး ငွေကြေးရင်းနှီးမှုများလည်းလိုအပ်ကြောင်း လုပ်ငန်းရှင်ထံမှသိရပါသည်။
DOCA(ပဲခူး)