နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စက်တင်ဘာလ ပထမပတ်မှစတင်၍ ဩဇာသီးများ စတင်ထွက်ရှိလျက်ရှိပါသည်။ ဩဇာပင်ကို နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဧကလိုက်စိုက်ပျိုးခြင်းမရှိဘဲ စီးပွားဖြစ် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ မျိုးစေ့ကို ပျိုးထောင်၍စိုက်ပျိုးကြပြီး ဒေသမျိုးများကိုသာစိုက်ပျိုးကြပါသည်။
နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ရာသီဥတုနှင့် မြေဩဇာကောင်းမွန်မှုအပေါ်မူတည်၍ အရွယ်ရောက်ပြီး ဩဇာပင်တစ်ပင်လျှင် တစ်နှစ်လျှင် ပျမ်းမျှအလုံးရေ (၁၀၀)ခန့်ထွက်ရှိကြောင်း သိရသည်။ ယခင်နှစ်ဩဇာသီး စတင်ထွက်ရှိချိန်တွင် အလုံးအရွယ်အစားကိုလိုက်၍ ဩဇာသီးတစ်လုံးလျှင် ငွေကျပ် (၄၀၀-၅၀၀)နှုန်းပေါက်ခဲ့သော်လည်း ယခုနှစ်ဩဇာသီး စတင်ထွက်ရှိချိန်တွင် အလုံးအရွယ်အစားကိုလိုက်၍ ဩဇာသီးတစ်လုံးလျှင် ငွေကျပ် (၇၀၀-၁၀၀၀)နှုန်းဖြင့် ဈေးကောင်းရရှိခဲ့ပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် ဩဇာသီးများ လှိုင်လှိုင်ထွက်ရှိလာသဖြင့် ဩဇာသီးတစ်လုံးလျှင် ငွေကျပ် (၃၀၀-၅၀၀)နှုန်းပေါက်ဈေးရှိသဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။ ဈေးနှုန်းအနည်းငယ်ကျဆင်းသွား၍ လက်ဆောင်ပေးရန်နှင့် စားသုံးရန် ဝယ်ယူမှုများရှိသဖြင့် အရောင်းသွက်လျက်ရှိကြောင်းသိရပြီး ဒေသတွင်းမြို့နယ်များနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)