တောင်ကြီးမြို့ပေါ်ရှိ နေရာအနှံ့အပြားတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် တန်ဖိုးသင့် Export အထည်ဆိုင်များမှာ ဝယ်ယူသူများပြား၍ အရောင်းသွက်လျက်ရှိနေပါသည်။ Export အထည်ဆိုတာ Zara, H&M, Bershka အစရှိတဲ့နိုင်ငံခြား Brand တွေက မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံတွေမှာ သူတို့ Quality အတိုင်း ချုပ်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချကြတာဖြစ်ပါတယ်။
တစ်ချို့အထည်တွေက ချုပ်လုပ်တဲ့အချိန်မှာ ချုပ်ရိုးချုပ်သားပိုင်းမှာ လိုအပ်ချက်ရှိနေတာကြောင့်ရယ် အခြားလွှဲချော်မှုတွေကြောင့် နိုင်ငံခြားကို အချိန်မှီ မတင်ပို့နိုင်တဲ့အခါမှာ မြန်မာနိုင်ငံထဲမှာပဲ တင်သွင်း ရောင်းချကြတာဖြစ်ပါတယ်။ Export အထည်တွေဟာ ဈေးနှုန်းအသင့်အတင့်ရှိပြီး နိုင်ငံတကာအဆင့်မီတာကြောင့် ပြည်သူများရွေးချယ်ဝယ်ယူမှု များပြားလာခဲ့ပါတယ်။
တောင်ကြီးမြို့ရှိ Export ဆိုင်တစ်ဆိုင်၌ ဝယ်ယူခဲ့သည့် ဈေးဝယ်တစ်ဦး၏ ပြောကြားချက်အရ ‘‘ဒီ Export ထည်လေးတွေက ကွာလတီကောင်းပြီး ချုပ်ရိုးချုပ်သားလည်းသပ်ရပ်တယ်။ လူတန်းစားမရွေး ဝယ်နိုင်တဲ့ဈေးလေးတွေဆိုတော့ အဆင်ပြေတယ်။ ကလေးအရွယ်ကနေ စပြီးတော့ အသက် ၄၀/၅၀ လောက်အထိ ကျား၊မ မရွေး ရွေးချယ်စရာလဲစုံတယ်။ အခုအပြင်မှာ တရုတ်ကဂျာကင်အနွေးထည် တစ်ထည်ကို ငါးသောင်းဝန်းကျင်လောက်ရှိနေပြီ ဒီမှာက ကိုးထောင်လောက်ပဲရှိတယ်။ ဝမ်းဆက် အင်္ကျီတွေဆို တစ်သောင်းကျော်လေးတွေပဲရှိတော့ ဈေးနှုန်းလဲအရမ်းသက်သာတယ် ဝတ်ရတာလဲပျော်ပါ တယ်’’လို့ သိရပါတယ်။
တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းပေါ်ရှိ Export ဆိုင်ပိုင်ရှင်တစ်ဦးမှလည်း ‘‘ကျမတို့ဆိုင်က ကွာလတီကောင်းတဲ့ အထည်လေးတွေပဲရောင်းပေးတာပါ။ လက်လီ/ကားလည်း ရောင်းချပေးပါတယ်။ လက်ကားယူတဲ့ဖောက်သည်တွေအတွက်လည်း အထည်ရေတစ်မျိုးကို အနည်းဆုံး ၁၀၀ ကနေ စယူလို့ရအောင် စီစဉ်ပေးထားပါတယ်။ တစ်ချို့အထည်တွေဆိုရင် ရောက်ကုန်ဖြစ်တဲ့အထိ အားပေးကြပါတယ်’’ လို့ သိရှိရပါတယ်။
ယခုကာလသည် ပြည်သူအများစားဝတ်နေရေး ခက်ခဲကြသည့်ကာလဖြစ်၍ ဈေးနှုန်းသက်သာ စာဖြင့် ရောင်းချလျက်ရှိသည့် Export အထည်ဆိုင်များမှာ ရောင်းဝယ်ဖောက်ကားသူများဖြင့် စည်ကား လျက်ရှိပါသည်။
DOCA(ရှမ်း)