Main menu

ငါန်းဇွန်မြို့နယ်တွင် ဆောင်းစိုက်ထောပတ်ပဲများ ရိတ်သိမ်းထွက်ပေါ်

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ်တွင် ထောပတ်ပဲများ မတ်လဒုတိယအပါတ်မှစ၍ ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ အောက်တိုဘာ၊နိုဝင်ဘာတွင် စိုက်ပျိုးခဲ့ပြီး မတ်လတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရပါသည်။မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်အနက်မှ အခြား(၃)မြို့နယ်သည် ထောပတ်ပဲကို မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးမှုရှိပြီး ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ဆောင်းရာသီ၌သာ စိုက်ပျိုးမှုရှိကြောင်း သိရှိရပါသည်။မြင်းခြံခရိုင်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းထောပတ်ပဲစိုက်ပျိုးမှု ဧကပေါင်းမှာ(၅၀၉၄) ဧကရှိပြီး ငါန်းဇွန်မြို့နယ်အနေဖြင့် (၂၅၁၀)ဧက စိုက်ပျိုးနိုင်ခဲ့ပါသည်။ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ယာမြေနှင့် မြစ်ရေဝင်ရောက်ခဲ့သော မြေနုကျွန်းများပေါ်တွင်စိုက်ပျိုးကြပြီး ဆောင်းထောပတ်ပဲ စိုက်ပျိုးမှုမှာ အခြားသောမြို့နယ်များထက် စိုက်ပျိုးမှုပိုများပါသည်။

          ထောပတ်ပဲ စိုက်ပျိုးမှုအနေဖြင့် နှစ်စဉ်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး၊မတ်လအတွင်း ရိတ်သိမ်းထွက်ရှိကြောင်းသိရပါသည်။ထောပတ်ပဲမျိုးဈေးမှာ ယခုနှစ်စိုက်ပျိုးရာသီတွင် တစ်ပြည်လျှင်(၃၀၀၀)ကျပ်နှုန်းရှိပြီး၊ယခင်နှစ်မျိုးဈေးမှာ တစ်ပြည်လျှင်(၂၀၀၀၊ ၂၅၀၀) ကျပ်ဝန်းကျင်များ ရှိခဲ့ပါသည်။ တစ်ဧကလျှင်မျိုး(၆)ပြည်နှုန်း ထည့်သွင်းစိုက်ပျိုးကြပါသည်။မိမိတို့ဒေသအနေဖြင့် ထောပတ်ပဲကို စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်ထိ  ပေါင်းသင်ခြင်း၊ ဆေးဖြန်းခြင်းအား တစ်ကြိမ်စီသာပြုလုပ်ကြပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့်(၁၃၀၀၀၀)ကျပ် ဝန်းကျင်သာ ကုန်ကျ၍အပင်ပြုစုမှုနှင့် ကုန်ကျစရိတ်သက်သာသော သီးနှံတစ်မျိုးဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရပါသည်။ထွက်ရှိလာသောပဲများကို မန္တလေးနှင့်မြင်းခြံမြို့များသို့ တင်ပို့ရောင်းချကြပြီး ယခင်နှစ်ကထောပတ်ပဲ တစ်တင်းလျှင်(၃၀၀၀၀)ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်ဆောင်းစိုက် ထောပတ်ပဲများ စတင်ထွက်ပေါ်လျှက်ရှိရာ တစ်တင်းလျှင်(၄၂၀၀၀)ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ် လျှက် ဈေးကောင်းရနေသောကြောင့် ထောပတ်ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငါန်းဇွန်မြို့နယ် ရေဇင်းအုပ်စု ကံလှရွာရှိ ထောပတ်ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)