Main menu

ပခုက္ကူမြို့ပေါ်ရှိ အင်ဂျင်ဝိုင်နှင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍  ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် ဈေးကွက်အတွင်း အရည်အသွေးအာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသုံးစွဲနိုင်ရန်၊ အတုအပကင်းစင်လျော့နည်းစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ဧပြီလ(၄)ရက်နေ့၊ နေ့လယ်(၁:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အင်ဂျင်ဝိုင်နှင့် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ တရားမဝင်စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး  ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါ သည်။

ခရိုင်ဦးစီးမှူးမှ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ အင်ဂျင်ဝိုင်နှင့် စက်ဆီ၊ ချောဆီရောင်းချသူများအနေဖြင့် တရားဝင်လိုင်စင်ရယူဆောင်ရွက်ထားသည့်ကုမ္ပဏီများမှတင်သွင်း သည့် Product များကိုသာ တင်သွင်းရောင်းချသွားရန်၊ အတုအပပြုလုပ်ရောင်းချသည့် စက်ဆီ၊ ချောဆီများ ရောင်းချခြင်းမပြုရန်၊ အရည်အသွေးမမှန်သည့်စက်ဆီ၊ ချောဆီများကြောင့် ဝယ်ယူ သုံးစွဲသူများ၏ စက်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးနစ်နာမှုများမရှိစေရန်၊ ရေသန့်ဗူးအလွတ်များနှင့် ရောင်းချနေသော စက်သုံးဆီများနှင့်စပ်လျဉ်း၍ ထုတ်လုပ်တင်သွင်းသည့် နိုင်ငံ၊ ပစ္စည်းအမျိုးအမည် စသည့် သတင်းအချက်အလက်များအား ဆိုင်တွင်ဗီနိုင်းဖြင့် ချိတ်ဆွဲဖော်ပြထားစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဒု-ခရိုင်ဦးစီးမှူးမှ ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည့် ထုတ်ကုန်အား တုပ၍ ဆင်တူ ယိုးမှား ပြုလုပ်လာသည်ကို သိရှိရ၍ လုပ်ငန်းရှင်များအနေဖြင့် စိစစ်ဝယ်ယူရောင်းချစေလိုကြောင်း၊ လာရောက်ကမ်းလှမ်းပါကလည်း ဝယ်ယူရောင်းချမှုမပြုရန်၊ မိမိတို့ဆိုင်များတွင် တင်သွင်းရောင်းချ သည့် စက်သုံးဆီများအမျိုးအစားအလိုက် အရည်အသွေးကွာခြားမှုများကို စားသုံးသူများမှ ခွဲခြား သိရှိပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်စေရေး သတင်းအချက်အလက်များအား အသိပေးရှင်းလင်း ဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်ကို တိုက်ရိုက်ရောင်းချခြင်း(သို့) သွယ်ဝိုက်ရောင်းချခြင်းမှရှောင်ကြဉ်ခြင်း စသည့်အချက်များမှာ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သောကြောင့် သိရှိလိုက်နာရန်လိုကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထိုကဲ့သို့ နာမည်ရှိအမှတ်တံဆိပ်များအား အတုအပများပြုလုပ်၍ ဈေးကွက်အတွင်း ရောင်းချနေမှုများကို သက်ဆိုင်ရာဌာနများမှ ကွင်းဆင်းစိစစ်ဖော်ထုတ်အရေးယူခြင်း၊ စားသုံးသူများ သိရှိနိုင်စေရန် အသိပေးရှင်းလင်းဆွေးနွေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာခြင်းဖြင့် စားသုံးသူများ စိတ်ချလုံခြုံသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်သည့်အခွင့်အလမ်းများ ပိုမိုရရှိ လာစေမည်ဖြစ်ပါသည်။

DOCA(မကွေး)