ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက် တန်ဖိုးရှိသော အသီးအနှံဖြစ်ပါသည်။ ကျောက်ဖရုံသီးကိုဟင်းချက်၍ စားကြသည့်အပြင် ယိုထိုး၍လည်းစားသုံးကြပါသည်။ ကျောက်ဖရုံပင်ကို စင်ထိုး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် ၎င်းမှာ နေရာဒေသမရွေး အလေ့ကျပေါက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီးတဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ အခြားကုန်စိမ်းများနှင့်အတူ တင်ပို့ရောင်းချကြကြောင်းသိရပါသည်။ ဇွန်လ ပထမပတ်တွင် ကျောက်ဖရုံသီးများ စတင်ပေါ်နေပြီဖြစ်ကြောင်း၊ တစ်ပင်လျှင် အလုံး(၅၀)မှ (၇၀)အထိသီးကြောင်းသိရသည်။ ကျောက်ဖရုံသီး (၆)လုံးပါ ပီနံအိတ် (၂၀-၂၅) အိတ်အထိ ရန်ကုန်သို့ ကားများဖြင့်တင်ပို့ရကြောင်းသိရသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစအချိန်တွင် အလုံးကြီးတစ်လုံးလျင် ၂၅၀၀- ၃၀၀၀ ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၁၅၀၀ -၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။ လက်ရှိပေါက်ဈေးအရ ကျောက်ဖရုံယိုတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ရှိကြောင်းလည်းသိရပါသည်။
DOCA(ပဲခူး)