Main menu

“ပြောင်းဖူးရိတ်သိမ်းမှုနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေ”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြပါသည်။ ရာသီအလိုက်စိုက်ပျိုးသော သီးနှံများအလိုက် ဝယ်လိုအားရှိသော ပြောင်းဖူးသီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးပြောင်းဖူးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၁၉၂) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၁၄၀၀) ဧက၊ မြစ်သားမြို့နယ်တွင် (၁၈၇၃)ဧက၊ စုစုပေါင်း (၄၄၆၅) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး၊ စဉ့်ကိုင်မြို့နယ်တွင် (၁၀၃၄) ဧက၊ မြစ်သားမြို့နယ်တွင် (၃၆၂)ဧကရိတ်သိမ်းပြီးစီးကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးပြောင်းဖူးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၆၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ အများသုံးစိုက်ပျိုးသောမျိုးများမှာ လူကြိုက်များသော သကြားပြောင်း၊ ရှမ်းပြောင်းမျိုးများကို စိုက်ပျိုးကြပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် အဖူး(၄၀၀၀) အထိထွက်ရှိကြောင်း၊ ပြောင်းဖူးကို ပွဲစားများမှ စိုက်ခင်းထဲထိလာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်သို့ ကိုယ်တိုင်တိုက်ရိုက်ရောင်းချသူများလည်းရှိကြောင်း၊ ပြောင်းဖူးဈေးနှုန်းအနေဖြင့် ဖောက်သည်ဈေးနှုန်းမှာ တစ်ဖူးလျှင် (၃၀၀)ကျပ်၊ လက်လီ အစိမ်းတစ်ဖူးလျှင် (၄၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် (၇၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း၊ ပြောင်းဖူးကို မြို့ပေါ်ပွဲစားဈေးသည်များမှတစ်ဆင့် ကျေးရွာ၊ နယ်လှည့်ဈေးသည်များက တစ်ဆင့်ဖြန့်ဖြူးရောင်းချ လျက်ရှိပါသည်။ ခရိုင်အတွင်း ပြောင်းဖူးကို ကြော်စား၊ ပြုတ်စား၊ သုပ်စားရန်အတွက် အိမ်ရှင်မများက အများဆုံးဝယ်ယူစားသုံးကြကြောင်း၊ ပြောင်းဖူးစိုက်ပျိုးသော ကုန်ကျစရိတ်များကိုနုတ်ပြီးပါက (၉၄၀၀၀၀)ကျပ်ခန့်မြတ်ကြောင်း၊ ယခုနှစ်တွင် ပြောင်းဖူးဈေးများကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြကြောင်း၊ ပြောင်းဖူးအများဆုံးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)