ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမိုင်တိုင်အမှတ် ၁၃၂/၃ ၊ လမ်းမအနောက် ဖက်တွင် စိန်တလုံးသရက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီ ဖြစ်ပါသည်။ စိန်တလုံးသရက်သီးမျိုးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ် ကျေးရွာတွင် သွားရောက်ဝယ်ယူပြီး အပင်သက် ၅ နှစ် တွင် အသီးစသီးကြောင်း သိရပါသည်။ အသီးစသီးခါစက တစ်ပင်လျှင် အလုံး ၂၀ မှ ၃၀ အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀ မှ ၁၀၀ အထိသီးကြောင်း သိရှိရပါသည်။
အသီးတိုင်းကို အိပ်စွပ်ပေးရပါသည်။ ယခင်နှစ်က အစွပ်အိတ် တစ်အိတ်လျှင် ၃၅ ကျပ် ပေးရပြီး ယခုနှစ်တွင် ၄၅ ကျပ်ပေးရကြောင်း သိရပါသည်။ အုတ်တွင်းမြို့နယ်မှထွက်ရှိသည့် သရက်သီးများကို ဒေသတွင်းနှင့် ရန်ကုန်မြို့ သီရီမင်္ဂလာဈေးသို့ တင်ပို့ရောင်းချရကြောင်း သိရပါသည်။
ယခင်နှစ်က စိန်တလုံးသရက်သီး အကြီး တစ်လုံးလျှင် ၇၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၅၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀ ကျပ် ရောင်းချရပြီး ယခုနှစ်တွင်မူ အကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၇၀၀ ကျပ်နှင့် အသေးတစ်လုံးလျှင် ၅၀၀ ကျပ် ရောင်းချရကြောင်း စိန်တလုံးသရက်ခြံပိုင်ရှင် ဦးဝင်းသိန်းထွန်းထံမှ သိရှိရပါသည်။
DOCA(ပဲခူး)