မန္တလေးတိုင်းဒေသကြီးအတွင်းမှာဆိုလျှင် မြင်းခြံခရိုင်၏ နွေကြက်သွန်နီသည် ပထမတန်းစားကြက်သွန်နီဟုဆိုနိုင်ပြီး ပုံသဏ္ဍာန်အားဖြင့် လုံးဝိုင်း၍ အနီရင့်ရောင်ရှိပြီး၊ အခွံပါးကာ အရည်အသွေးကောင်းသောကြောင့် အထားအသိုမှာလည်း(၆)လမှ(၈)လထိ သိုလှောင်ထားရှိနိုင်ပါသည်။
ယခုအောက်တိုဘာလ စတုတ္ထပတ်၏ နွေကြက်သွန်နီဈေးနှုန်းမှာ အကြီးစတစ်ပိဿာလျှင် (၂၇၀၀)ကျပ်မှ (၃၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၂၄၀၀)ကျပ်မှ (၂၆၀၀)ကျပ်၊ အသေးစ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်မှ (၂၃၀၀)ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင် အောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်နီ အကြီးစတစ်ပိဿာလျှင်(၂၂၀၀) ကျပ်မှ (၂၅၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၁၉၀၀)ကျပ်မှ(၂၁၀၀)ကျပ်၊ အသေးစတစ်ပိဿာလျှင် (၁၅၀၀)ကျပ်မှ (၁၇၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ဒေသတွင်း ကြက်သွန်နီထွက်ရှိရာ ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့ နေ့စဉ်ကုန်ချိန်ပိဿာ(၅၀၀၀၀)မှ (၆၅၀၀၀) ကျော် ဝင်ရောက်လျက်ရှိပါကြောင်း၊ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ထက် ကြက်သွန်နီအရွယ်အစားအလိုက် တစ်ပိဿာလျှင်(၄၅၀)ကျပ်မှ (၆၀၀)ကျပ်ထိမြင့်တက်ခဲ့ပြီး အရည်အသွေး၊ အရွယ် အစားပေါ်မူတည်၍ ဈေးနှုန်းများလဲ ကွာခြားမှုရှိကြောင်း သိရသည်။ ဈေးကွက်တင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့်မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိပြီး၊ အပတ်စဉ်ကုန်ချိန် (၁၉၄၇၄၀) ပိဿာကျော်၊ တန်ချိန်အားဖြင့်(၃၁၈)တန်ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)