Main menu

ဖြူးအနောက်တောင်ဒေသထွက်သီးမွှေးငှက်ပျောသီးများဖြိုင်ဖြိုင်ပေါ်ပြီ

Powered by Drupal

             ဖြူးမြို့အနောက်ဘက်၊ ပဲခူးရိုးမတောင်ယာတောများတွင် စိုက်ပျိုးသောသီးမွှေးငှက်ပျောသီးများမှာ ဖြူးမြို့စည်ပင်သာယာဈေးတွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။ ဖြူးဒေသထွက် သီးမွှေးငှက်ပျောသီးမှာ အရသာကောင်းမွန်သောကြောင့် ဒေသတွင်းသာမက အခြားမြို့ရွာများတိုင် နာမည်ကျော်လျက်ရှိပါသည်။

              သီးမွှေးငှက်ပျောသီးများအား ပဲခူးရိုးမရှိတောင်ယာတောများမှ ဆိုင်ကယ်များနှင့် သယ်ယူ၍ ဖြူးစည်ပင်သာယာဈေးရှိ ငှက်ပျောသီးဆိုင်များသို့ လာရောက်ဖောက်သည်သွင်းကြပါသည်။ သီးမွှေးငှက်ပျောသီးဈေးနှုန်းများအနေဖြင့် အဖီးလှတစ်ဖီးလျှင် ၇၀၀၀ ကျပ်ထိဈေးနှုန်းရှိပြီး အကြီးအသေးအလိုက် ၃၀၀၀ကျပ် မှစ၍ ၅၀၀၀ကျပ်၊ ၇၀၀၀ကျပ်ထိ ဈေးနှုန်းရရှိကြောင်း သိရှိရပါသည်။

               ဖြူးဒေသထွက်သီးမွှေးငှက်ပျောသီးမှာ မြန်မာတို့၏ပွဲတော်ဖြစ်သော သီတင်းကျွတ်အချိန်အခါဖြစ်သော အောက်တိုဘာလတွင် လှိုင်လှိုင်ပေါ်ခြင်းဖြစ်ပါသည်။ မြန်မာတို့၏ သီတင်းကျွတ်အခါပြီးလျှင် ဟိန္ဒူလူမျိုးတို့၏ ဒီပါဝတီပွဲတော်ဖြစ်သောကြောင့် ယခုကာလသည် သီးမွှေးငှက်ပျောသီး ရောင်းအားအကောင်းဆုံးလလည်း ဖြစ်ပါသည်။ သီတင်းကျွတ်အချိန်အခါတွင် လူကြီးမိဘများအား ဂါရဝပြုကန်တော့ကြရာတွင် သီးမွှေးငှက်ပျောသီးများဖြင့် ကန်တော့ခြင်း၊ ဟိန္ဒူလူမျိုး၏ ဒီပါဝတီ ပွဲတော်တွင်ဘုရားရှိခိုးရာတွင် ရိုးရာထုံးတမ်းအရ အသီးမျိုးစုံ၊ ပန်းမျိုးစုံဖြင့် ကန်တော့ကြခြင်းကြောင့် ယခုကာလသည် သီးမွှေးငှက်ပျောသီး ရောင်းအားကောင်းခြင်းဖြစ်ကြောင်း ဖြူးမြို့ရှိ ငှက်ပျောသီးဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရှိခဲ့ပါသည်။

DOCA(ပဲခူး)