တောင်ငူမြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များရှိဆိုင်များအပြင် ကျေးရွာများရှိ ကုန်စုံဆိုင်များတွင်လည်း စားသုံးသူပြည်သူများအနေဖြင့် ဟင်းတစ်မယ်အဖြစ် အလွယ်တကူကြော်၍ လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ချက်၍လည်းကောင်း သုံးစွဲနိုင်သည့် ကြက်ဥနှင့်ဘဲဥများ ရောင်းချလျက်ရှိပါသည်။ ကြက်ဥ၊ ဘဲဥများကို တောင်ငူမြို့နယ်အတွင်းရှိ မွေးမြူရေးခြံများမှ ရရှိသည့်အပြင် အခြားဒေသများမှလည်း တင်ပို့ရောင်းချလျက်ရှိပါသည်။
ယခင်လက ကြက်ဥများမှာ အလုံး/ အကြီး၊ အသေးပေါ်မူတည်၍ ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ်မှ ၃၉၀ ကျပ်ရှိရာမှ ယခုလတွင် တစ်လုံးလျှင် ၃၆၅ ကျပ်မှ ၃၈၅ ကျပ်အထိ ရှိသဖြင့် တစ်လုံးလျှင် ၅ ကျပ်ခန့် ဈေးနှုန်းကျဆင်းပါသည်။
ဘဲဥမှာလည်း အလုံးအကြီးအသေးအပေါ်မူတည်၍ တစ်လုံးလျှင် ၄၅၀ ကျပ်မှ ၅၀၀ ကျပ် အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။ ကြက်ဥ၊ ဘဲဥများသည် ချက်ပြုတ်ရလွယ်ကူပြီး ဈေးနှုန်းလည်းသင့်တင့်သည့်အပြင် အဟာရလည်းကြွယ်သဖြင့် ရောင်းအားကောင်းကြောင်း ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(ပဲခူး)