မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စလင်း မြို့နယ်၊ ငလင်ပန်းကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထား ကြောင်း သိရသည်။
ပဲတောင့်ရှည်သီးနှံကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဧကရီ (၁၁၁) ပဲတောင့်ရှည်မျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် ဝယ်ယူပြီး တစ်ဧကလျှင် မျိုးစေ့ (၄) ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက် ရေတင်စနစ်ဖြင့် အတန်းလိုက်အစေ့ချ၍ စိုက်ပျိုးပြီး ရက် ၂၀ အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါး၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၂၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းပိဿာ ၂၀၀၀-၃၀၀၀ ခန့် ထွက်ရှိကြောင်း၊ အောက်တိုဘာလ တတိယပတ်တွင် ဈေးနှုန်းအနေဖြင့် ပဲတောင့်ရှည် တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၁၅၀၀-၂၀၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၈၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူ ကြကြောင်း၊ မိုးရွာသွန်းမှု များပြားပြီး အထွက်နှုန်း အနည်းငယ် လျော့နည်းသော်လည်း ပဲတောင့်ရှည်သီးနှံပေါ်စအချိန်တွင် ဈေးကောင်းရကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များရရှိကြောင်း သိရှိရသည်။
DOCA(မကွေး)