ဝဥတူးဖော်ရောင်းချသည့်ရာသီချိန် ကုန်ဆုံးရန်နီးကပ်လာမှုနှင့်အတူ ကရင်ပြည်နယ်ဒေသထွက် ဝဥများမှာ ယမန်နှစ်ထက်ဈေးပိုရ၍ ပြည်တွင်းဈေးကွက်သို့ ဆက်လက်တင်ပို့ရောင်းချလျက်ရှိကြောင်း ကရင်ပြည်နယ် ဝဥလုပ်ငန်းရှင်များထံက သိရသည်။
ဝဥရောင်းဝယ်မှုအား နှစ်စဉ် စက်တင်ဘာလဆန်းမှ ဈေးကွက်ဖွင့်လှစ်၍ နိုဝင်ဘာလဆန်းပိုင်းအထိ အရောင်းအဝယ်ပြုလုပ်ကြပြီး ယခင်နှစ်က ကရင်ပြည်နယ်ဒေသထွက်ဝဥဈေးနှုန်းမှာ အစိုတစ်ပိဿာလျှင် အဖွင့်ဈေး ၈၀၀ ကျပ်၊ အပိတ်ဈေး ၁၀၅၀ ကျပ်သာရှိခဲ့ရာမှ ယခုနှစ် ဈေးကွက်ဖွင့်ချိန်တွင် မြို့ပေါ်အထိုင်ဝယ်ဈေး ဝဥအစို တစ်ပိဿာလျှင် ၁၈၀၀/ ကျပ်နှုန်းဖြင့် စတင်ဖွင့် ၂၅၀၀/ ကျပ်နှုန်းထိ ဈေးနှုန်းရရှိခဲ့ကာ မော်လမြိုင်၊ မန္တလေး၊ ကျောက်ဆည်မြို့များရှိ ဝဥစက်ရုံများသို့ အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းနှင့် ဝဥစက်ရုံများအနေဖြင့် ဝဥအခြောက်အဖြစ်ပြုလုပ်၍ လည်းကောင်း၊ အမှုန့်ပြုလုပ်၍လည်းကောင်း တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ယခုနှစ်ဝဥဈေးနှုန်းဈေးကွက်အခြေအနေနှင့်ပတ်သက်၍ ကရင်ပြည်နယ်ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းအတွင်းရေးမှူး ဦးမင်းသူက “ ဒီနှစ်က ဝဥဈေးကွက်မှာ တစ်ခါမှ မကြုံဘူးတဲ့ ဝယ်လိုအားနဲ့ ဈေးနှုန်းကိုရခဲ့တာပါ နိုင်ငံခြားငွေဈေးနဲ့တွက်မယ်ဆိုရင်တော့ ထင်သလောက် ဈေးတက်တယ်လို့ မခေါ်နိုင်ပေမဲ့ ဝဥစိုက်တောင်သူ၊ ကုန်သည်နဲ့စက်ရုံသမားတွေအားလုံး အဆင်ပြေနိုင်တဲ့ ဈေးတန်းတစ်ခုလို့ ပြောလို့ရပါတယ်” ဟု ပြောကြားသည်။
ကရင်ပြည်နယ် ဒေသထွက်ဝဥသည် Glucomannan ဓာတ်ပေါကြွယ်ဝစွာ ပါဝင်သည့်အတွက် ဝယ်လိုအားမြင့်မားသော ဒေသထွက်ကုန်တစ်ခုဖြစ်ပြီး နိုင်ငံခြားငွေရှာဖွေပေးနိုင်သည့် အလားအလာရှိသည့် သီးနှံတစ်ခုဖြစ်ကာ ကရင်ပြည်နယ်တွင်ဝဥကို မြဝတီခရိုင်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ရွှေဂွန်းမြို့နယ်များမှ အများဆုံးထွက်ရှိ၍ တစ်နှစ်လျှင် ထွက်ရှိနိုင်မှု ပိဿာချိန် ၇ သန်းခန့် ရှိကြောင်း သိရသည်။
DOCA(ကရင်)