စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ပြီး လယ်ယာထွက်ကုန်သီးနှံများကို စိုက်ပျိုးကြသကဲ့သို့ ဥယျာဉ်ခြံထွက်သီးနှံများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ စိုက်ပျိုးလျက်ရှိသော နဂါးမောက်မျိုးများမှာ အပြင်အခွံအနီရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး၊ အပြင်ခွံအနီရောင်နှင့် အတွင်းသားအနီရောင်ရှိသောမျိုး၊ အပြင်ခွံအဝါရောင်နှင့် အတွင်းသားအဖြူရောင်ရှိသောမျိုး တို့ဖြစ်ကြသည်။
ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ အင်ကြင်းစုကျေးရွာနှင့် အခြားနေရာများတွင် နဂါးမောက်သီးများကို မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ၊ နဂါးမောက်သီးသည် မေလမှ အောက်တိုဘာလအထိ ၇-၈ကြိမ်ခန့်ခူးဆွတ်ရပြီး တစ်နှစ်လျှင် ၅-၆ လခန့် ဝင်ငွေရရှိနိုင်သော စီးပွားရေးတွက်ခြေကိုက်သည့် ဥယျာဉ်ခြံထွက်သီးနှံတစ်ခုဖြစ်သည်။ ယခုချိန်သည် နဂါးမောက်သီး ရာသီကုန်ဆုံးချိန်ဖြစ်သဖြင့် ဈေးကွက်အတွင်းအဝင်နည်း၍ အရောင်းအဝယ်သွက်ကြောင်း၊ ကန့်ဘလူမြို့ သစ်သီးဆိုင်များတွင် ရောင်းချနေသော နဂါးမောက်သီး အသေးတစ်လုံးလျှင် ငွေကျပ် ၈၀၀ မှ ၁၀၀၀ နှင့် အကြီးတစ်လုံးလျှင် ငွေကျပ် ၁၃၀၀ မှ ၁၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးရောင်းဝယ်ရေးဆိုင်များမှ သိရသည်။
DOCA(စစ်ကိုင်း)