မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိပါသည်။ စီးပွားလည်းဖြစ်ဝင်ငွေတိုးသော နှံစားပြောင်းသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်း နှံစားပြောင်းစိုက်ဧက (၄၂၀၅)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ် တွင် (၂၈၄၁)ဧက၊ မြစ်သားမြို့နယ်တွင် (၁၃၆၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနိုဝင်ဘာလဆန်းပိုင်းမှစတင်၍ နှံစားပြောင်းကို ကျောက်ဆည်မြို့နယ်တွင် (၈၀၁)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ အများဆုံးရိတ်သိမ်းသောရွာများမှာ ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်း၊ ကင်းနှင့်တောင်တော်ရွာများဖြစ်ပြီး ဇူလိုင်လတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုနိုဝင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ထွက်တိုးနီမျိုးများဖြစ်ပြီး စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် (၃၅-၄၀)တင်းအထိ ထွက်ရှိကြောင်း၊ နှံစားပြောင်းစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၃၀၀၀၀/-)ကျပ် ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၉၅၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့သွားရောက်ရောင်းချကြကြောင်း၊ ပွဲရုံများမှ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ နှံစားပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် ကျွဲ၊ နွားစာများဖူလုံသည့်အပြင် ပြောင်းရိုးများကိုလည်း အခင်းပြတ်ရောင်းချရသဖြင့် အပိုဝင်ငွေများရရှိသောကြောင့် နှံစားပြောင်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း စိုက်ပျိုးသောတောင်သူ တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)