ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စုသည် စပါး၊ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချလျက်ရှိသည့်အပြင် ” မြင်းခွာရွက်” ကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။
မြင်းခွာရွက်သည် နွယ်ပင်မျိုးဖြစ်ပြီး နှစ်ရှည်ပင်အမျိုးအစားဖြစ်ပါသည်။ အပင်ပြုစုထိန်းသိမ်းနိုင်မှုအပေါ်မှုတည်၍ ၁၀နှစ်မှ နှစ်၂၀အထိခူးဆွတ်ရောင်းချနိုင်ပါသည်။ သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ဝဲကြီးကျေးရွာတွင် မြင်းခွာရွက် ၀.၂၅ ဧကအကျယ်ရှိမြေကွက်၌ စိုက်ပျိုးရန် ဦးစွာ စိုက်ပျိုးမည့်မြေအား ထွန်ယက်ပြုပြင်၍ မြင်းခွာရွက်မျိုးစေ့တစ်ပြည်ကို ငွေကျပ် (၃၅၀၀၀) ဖြင့် (၁၀) ပြည်အသုံးပြုကြောင်း၊ မျိုးစေ့ကြဲပက်ပြီး (၁၄)ရက်သားရှိပါက အစို့များစတင်ထွက်ရှိပြီး (၅၀-၆၀) ရက်သားရှိပါက စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မြင်းခွာရွက်ကို စိုက်ပျိုးပြီးပါက တစ်နှစ်ပတ်လုံးခူးဆွတ်ရောင်းချနိုင်ပြီး ခြောက်သွေ့ရာသီတွင် တစ်လ (၂)ကြိမ်ရေသွင်းပေးရပါသည်။ ကုန်ကျစရိတ်အနေဖြင့် စတင်စိုက်ပျိုးချိန်မှစ၍ နှစ်တစ်ပတ်လည်မျိုး၊ မြေပြုင်ခအပါအဝင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အပင်ခူးဆွတ်ခ၊ ပေါင်းမြက်ရှင်းခ၊ ရေသွင်းခ၊ စုစုပေါင်း ငွေကျပ် သိန်း (၇၀)ခန့်ရှိကြောင်း၊ မြင်းခွာရွက်ကို တစ်လ (၁)ကြိမ်ခူးဆွတ်ရပြီး စိုက်ဧက ၀.၂၅ ကို အစည်းရေ (၆၀၀၀၀) ထွက်ရှိပြီး၊ တစ်နှစ်လျှင် အစည်းရေ ပျမ်းမျှ(၇၀၀၀၀၀)ခန့်ထွက်ရှိပြီး အကျိုးအမြတ်အားဖြင့် ဈေးနှုန်းအတက်အကျပေါ်မှုတည်ကြောင်း၊ ယခုနိုဝင်ဘာလ ဒုတိယပတ်တွင် တစ်စည်းလျှင် လက်ကား ငွေကျပ် (၂၀) နှုန်းဖြင့်ရောင်းချရကြောင်း၊ ထွက်ရှိလာသောမြင်းခွာရွက်များကို ဒေသတွင်းမြို့နယ်များ၊ ကုန်စိမ်းဒိုင်များမှတစ်ဆင့် ပြည်နှင့်ရန်ကုန်မြို့များသို့တင်ပို့ရောင်းချကြောင်း မြင်းခွာရွက်စိုက်ပျိုးသူ တောင်သူထံမှသိရပါသည်။
DOCA(ပဲခူး)