ငှက်ပျောပင်သည် မြန်မာနိုင်ငံတွင် အနှံ့အပြားပေါက်ရောက်သည်။ တစ်နှစ်ခံအပင်မျိုးဖြစ်၍ ရှည်ဖားဖားအရွက်ကြီးများရှိသည်။ငှက်ပျောပင် တစ်ပင်တွင် ငှက်ပျောတစ်ခိုင်သာထွက်၍ အခိုင်ကို ခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည်ရင်းမှ အတက်ငယ်များ ဖြာထွက်လာ၍ ထိုးသားတက်ခေါ် ငှက်ပျောခေါင်းများကိုပင်မမှ ခွဲထုတ်ပြီး စိုက်ပျိုးလေ့ရှိကြသည်။ ငှက်ပျောပင်သည် အပင် (၁၂)လမှ(၁၈)လ အထိရောက်မှသာ အသီးများစတင်ထွက်လာသည်။ ငှက်ပျောပင်မှ အသီးမသီးမီ ဖူးတံတစ်ခုစတင်ထွက်ပေါ်လာပြီး ထိုငှက်ပျောဖူးတံတွင် အသီးလေးများသည် အပွင့်အဖတ်များ ဖြစ်လာ၍ အပွင့်များသာ အောင်မြင်ပြီးလျှင် အသီးများဖြစ်လာသည်။
ငှက်ပျောသီးတွင် ရေဓာတ် ၇၅ရာခိုင်နှုန်းပါဝင်ပြီး အသီးတွင်ပါရှိသော ကစီဓာတ်သည် အသီးမှည့်လာသောအခါ သကြားဓာတ်သို့ ပြောင်းလဲသွားသဖြင့် စားသုံးရာတွင် အလွန်အနှစ် အရသာ နှင့် ပြည့်စုံသည်။ ငှက်ပျောသီးတွင် အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါသည်။
ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ငှက်ပျောသီးစျေးကောင်းရရှိ၍ မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။ ငှက်ပျောတွင် သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့ သည် လူကြိုက်များသည့်အတွက် ရောင်းအားအလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ်ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်းတစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့်နှင့် ရွှေငှက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။
DOCA(တနင်္သာရီ)