
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်တွင် ဒေသထုတ်ကုန်ဖြစ်သော “မဗေဒါ” ပဲကြီးလှော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ မိမိတို့ဒေသဈေးကွက်အပြင် ခရိုင်အတွင်း၊ တိုင်းအတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ဒေသလက်ဆောင်အဖြစ်လည်းရောင်းချရကြောင်း ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာမှ (၁၇.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပဲကြီးလှော်ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပဲကြီးကိုအသုံးပြုပြီး ဟင်္သာတခရိုင်အတွင်းမှ ဝယ်ယူရရှိပါသည်။ ပဲကြီးလှော်ကို တစ်နေ့လျှင် တစ်တင်းခွဲတစ်အိတ်ကြော်ရပြီး ၂၅၀၀/-ကျပ်တန် အထုပ်ကြီး ၁၀၀ ခန့် ရရှိပါသည်။ ပဲကြီးတစ်တင်းခွဲတစ်အိတ်လျှင် (၁၅၀၀၀၀/-) ကျပ်၊ ပဲကြီးတစ်ဒယ် လျှင် ဆား၊ ထင်းနှင့် လုပ်သားခ၊ ပလတ်စတစ်ထုတ်ပိုးမှုအပါအဝင် ကျပ် (၂၀၀၀၀၀/-) ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထုပ်ကြီး ၁ထုပ် လျှင် ၂၅၀၀ ကျပ်နှင့် အသေးတစ်ထုပ်လျှင် ၁၀၀၀ ကျပ် ရောင်းချရပါသည်။ ပဲလှော်တစ်ဖိုလျှင် ၂၅၀၀၀၀/- ဝန်းကျင်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀/-ကျပ်) ရရှိပါသည်။ ပဲလှော်ပြုလုပ်ရာတွင် ပဲကြီးကို ပထမအကြိမ်ရေဆေးကာ တစ်ရက်စိမ်ရပြီး၊ နောက်တစ်ရက်တွင် ဆားနှင့်လှော်ကာ အအေးခံ၍ထုတ်လုပ်ပါသည်။ မိုးတွင်းကာလများတွင် ရောင်းအားအနည်းငယ်သာရောင်းချရပြီး၊ နွေဦးကာလများတွင် ဘုရားဖူးလာသူများမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ်ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန်ကြောင်းသိရှိရပါသည်။ မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသော အကျိုးအမြတ်ရရှိပါသည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ် ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)