ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေအုပ်စု၊ ဟိုဂျင်းကျေးရွာနှင့် မိုင်းဇင်းကျေးရွာအုပ်စုတို့တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက်သီးနှံများကို အလှည့်ကျစိုက်ပျိုးကြသည့်အပြင် နှစ်ရှည်ပင်သီးနှံများဖြစ်သော ထောပတ်ပင်များကိုလည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။
ထောပတ်ပင်ကို တောင်ကုန်းတောင်စောင်းများပေါ်တွင် အဓိကစိုက်ပျိုးကြပါသည်။ နှစ်ရှည်သီးနှံပင်များဖြစ်သည့် ထောပတ်ပျိုးပင် ရက်ပေါင်း(၉၀)ရရှိပြီဆိုပါက စိုက်ပျိုးမည့်မြေအနေအထားပေါ်မူတည်ပြီး အပင်အကွာအဝေး (၁၀)ပေခန့်ခြားကာ ကျင်းအကျယ် (၃)ပေ၊ ကျင်းအနက် (၂)ပေတူး၍ သဘာဝမြေဩဇာဖြစ်သော နွားချေးနှင့်မြေဆွေးများကိုအချိုးကျရောစပ်ကာ တူးထားသောကျင်းထဲသို့ထည့်ပြီး ပျိုးထားသောထောပတ်ပင်များကို တစ်ပိုင်တစ်နိုင် စီးပွားရေးအဖြစ် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထားသည့်ထောပတ်ပင်များကို တစ်နှစ်တစ်ကြိမ် မြေဆွပေါင်းတင်ပေးရပါသည်။ ထောပတ်ပင်သည် စိုက်ပျိုးရလွယ်ကူသည့်သီးနှံများဖြစ်သည့်အပြင် ကုန်ကျစရိတ်လည်းသက်သာလျက်ရှိကြောင်းသိရပါသည်။ ထောပတ်ပင်သည် တစ်ကြိမ်စိုက်ပျိုးထားလျင် အနည်းဆုံး ၅ နှစ်မှ၍ စတင်အသီးသီးပြီး ၁၅ နှစ်အထိ နှစ်စဉ်အသီးများကိုခူးဆွတ်ရောင်းချနေရပြီး “အချိန်ကုန် လူသက်သာ ဝင်ငွေကောင်းရ"ဟူသည့်အတိုင်း တောင်သူများအတွက် တွက်ချေကိုက်သော သီးနှံပင်တစ်မျိုးလည်းဖြစ်ပါသည်။
ထောပတ်သီးများစပေါ်ချိန်ဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာလများတွင် ဈေးကွက်အတွင်းဈေးကောင်းရရှိနေပြီး အသီးအရွယ်အစားပေါ်မူတည်၍ အလုံးလှလျင်လှသလို ထောပတ်သီး (၁)ကီလို အနည်းဆုံး ၇၀၀၀ ကျပ်မှ အများဆုံး ၁၀၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေပါကြောင်း တောင်သူများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)