Main menu

ထရမ့်၏အကောက်ခွန်နှုန်းထားများသည် ထိုင်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံခန့်ဆုံးရှုံးစေနိုင်

Powered by Drupal

         အကယ်၍ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသည့်‌ ဒေါ်နယ်ထရမ့်က အကောက်ခွန်နှုန်းထားများကိုတိုးမြှင့်ပါက ထိုင်းနိုင်ငံ၏ စီးပွားရေးကိုထိခိုက်စေမည်ဖြစ်ပြီး ဘတ်ငွေကိုအားပျော့စေနိုင်သောကြောင့် နိုင်ငံ၏ ၂၀၂၅ခုနှစ်အတွက်ရည်မှန်းထားသည့် စီးပွားရေးကြီးထွားနှုန်းနှင့် လွဲချော်နိုင်ကြောင်း လေ့လာမှုအရသိရပါသည်။ ထိုင်းနိုင်ငံကုန်သည်များအသင်းတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သူ Thanavath Phonvichai က ထိုင်းနိုင်ငံ၏စီးပွားရေးသည် အမေရိကန်‌ဒေါ်လာ ၄.၆ ဘီလီယံခန့်ဆုံးရှုံးရန်အလားအလာရှိနေပြီး လာမည့်နှစ်အတွက်ရည်မှန်းထားသည့် GDP တိုးတက်နှုန်း ၃ရာခိုင်နှုန်းထဲမှ ၀.၉ ရာခိုင်နှုန်းခန့်လျော့ကျသွားနိုင်ကြောင်း ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၀ရက်နေ့ကပြောကြားခဲ့ပါသည်။ ထိုအချက်ကိုတက္ကသိုလ်က ထရမ့်၏ ယခင်ကကြေညာထားသည့် အကောက်ခွန်အစီအစဥ်များကိုအခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ကြောင်းသိရပါသည်။ ထိုင်းအာဏာပိုင်များသည် ထရမ့်၏အုပ်ချုပ်မှုအောက်တွင် ဖြစ်လာနိုင်သောကုန်သွယ်ရေးတင်းမာမှုမှကာကွယ်ရန် အကြွေးဖြေလျှော့ပေးသည့်စီမံချက်များနှင့် ငွေကြေးထုတ်ပေးခြင်းအားဖြင့် ကြီးထွားမှုတွင် နာလံထူလာစေရန် ပြင်ဆင်လျက်ရှိကြောင်းသိရပါသည်။ ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်းတွင် ထိုင်းနိုင်ငံသည် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲမှတစ်ဆင့် အကျိုးအမြတ်ရရှိသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခဲ့ပြီး အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီများက ထရမ့်၏တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးထိန်းချုပ်မှုနှင့် အကောက်ခွန်ချမှတ်မှုများကိုကျော်လွှားရန် တရုတ်နိုင်ငံမှ အခြားနိုင်ငံများထံသို့ နေရာပြောင်းရွှေ့ကြသောကြောင့်ဖြစ်ကြောင်းသိရပါသည်။ Mr.Thanavath က ထရမ့်၏မူဝါဒများသည် ပြည်တွင်းငွေကြေးကို အားနည်းစေနိုင်ကာ ထိုင်းနိုင်ငံတွင် အမေရိကန်၏ရင်းနှီးမြှုပ်နှံမှုများကို နည်းပါးစေနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထိုထိခိုက်မှုသည် ထိုင်းနိုင်ငံ၏စီးပွားရေးကို ၎င်းတို့၏အကြီးမားဆုံးတင်ပို့ရာ ဈေးကွက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့မှုကျဆင်းခြင်းဖြင့် တိုက်ရိုက်ထိခိုက်နိုင်ပြီး ထောက်ပံ့မှုကွင်းဆက်တွင် အနှောင့်အယှက်ဖြစ်စေခြင်းအားဖြင့် သွယ်ဝိုက်ထိခိုက်စေနိုင်ကြောင်းလေ့လာမှုအရသိရပါသည်။ အမေရိကန်ဈေးကွက်သို့ စုစုပေါင်းတင်ပို့မှု၏ ငါးပုံပုံတစ်ပုံနီးပါးရှိသည့် ထိုင်းနိုင်ငံ၏ လျှပ်စစ်ပစ္စည်းနှင့်အီလတ်ထရောနစ်ပစ္စည်းတင်ပို့မှုသည် ထိခိုက်မှု အရှိနိုင်ဆုံးဖြစ်ကြောင်း တက္ကသိုလ်၏ထုတ်ပြန်ချက်အရသိရပါသည်။ အခြားအဓိကလုပ်ငန်းများဖြစ်သည့် စက်ပစ္စည်းများ၊ ပြုပြင်ထားသောအစားအစာများ၊ မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ စတီးလ်နှင့်ရာဘာတို့မှာလည်း ကျဆင်းနိုင်ကြောင်းသိရပါသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုတွင် အကျိုးအမြတ်ရရှိနိုင်မှုမှာ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ရော်ဘာ အစရှိသည့် တချို့ကဏ္ဍများတွင် တရုတ်ထုတ်ကုန်များကို ထိုင်းနိုင်ငံက အစားထိုးနိုင်စွမ်းရှိနေခြင်းဖြစ်ကြောင်းသိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)