Main menu

လူကြိုက်များလာသည့် ဇီးကုန်းမြို့နယ်မှ "လင်းငြိမ်းငြိမ်း" သဘာဝစစ်စစ် ကုလားပဲခြမ်းလှော်လုပ်ငန်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သစ်နဖားကျေးရွာတွင် ဒေသထုတ်ကုန်အစားအစာဖြစ်သော သဘာဝစစ်စစ် “လင်းငြိမ်းငြိမ်း” ကုလားပဲခြမ်းလှော်လုပ်ငန်းလုပ်ကိုင်နေသော ဦးမင်းသူရဇော်သည် ထိုလုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည်မှာ ၂နှစ်ခန့်ကြာမြင့်လျက်ရှိပြီး ကုလားပဲကိုသာ အဓိကထားအသုံးပြု၍ ကုလားပဲခြမ်းလှော်အဖြစ် ဆီကိုအသုံးမပြုဘဲ မြေအိုးခင်းဖြင့်လှော်၍ ပြုလုပ်ကြောင်း၊ ယခင်ကာလပိုင်းများတွင် ကျေးရွာအတွင်းရှိ အလှူမင်္ဂလာပွဲ၊ ဒါနပွဲများမှ ကုလားပဲလှော်ကို အော်ဒါမှာယူမှုရှိမှသာလုပ်ကိုင်ခဲ့ရာမှ ယခုအခါတွင် အမှတ်တံဆိပ်ပြုလုပ်ကာ မြို့နယ်တွင်းနှင့် အခြားမြို့နယ်များသို့ပါ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

         ကုလားပဲလှော်ပြုလုပ်ရန်အတွက် နေပူ (၂ရက်)ခန့်လှမ်းပြီး  မြေအိုးခင်းများတွင် ပဲများထည့်ကာ မြေတွင်းမီးဖိုဖြင့်လှော်၍ အနေထားသင့်လျှင် အိုးခင်းအတွင်းမှ ပဲများကိုသွန်ပြီး အဝတ်သန့်ဖြင့် ပွတ်ကာ စကာချခြင်း၊ ပြာခြင်းများပြုလုပ်ရပါသည်။ အနည်းငယ်ကြေသော ပဲခြမ်းလှော်အစများအား ဘယာကြော်မှုန့်အဖြစ်လည်းကောင်း၊ အသေးဆုံးပဲလှော်မှုန့်များအား အမှုန့်ကြိတ်ပြီး ပဲမှုန့်ပြုလုပ်၍ ရောင်းချကြောင်းသိရှိရပါသည်။

         ကုန်ကြမ်းရရှိမှုအနေဖြင့် ကုလားပဲလုံး(မြကြေးမုံ)အား ဇီးကုန်းမြို့နယ်အတွင်းရှိပဲရုံမှဝယ်ယူပြီး (၁၉) ပိဿာဝင် တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်ပေးရကြောင်း၊ ပဲလှော်ရန်အတွက် မြေအိုးတစ်လုံးလျှင် (၂၈၀၀)ကျပ်ဖြင့်ဝယ်ယူအသုံးပြုပြီး တစ်နှစ်အတွင်း အလုံး(၅၀)ခန့်အသုံးပြုကြောင်းသိရပါသည်။ လုပ်သားတစ်ယောက်လျှင် တစ်နေ့ (၇၀၀၀)ကျပ်နှုန်းဖြင့် လုပ်သား(၃)ယောက်အသုံးပြု၍ တစ်လလျှင် ကုလားပဲ(၇တင်းမှ ၈တင်း)ခန့်သာလှော်နိုင်ပြီး ပုံမုန်ဈေးကွက်ဖြစ်သည့် ဇီးကုန်း၊ ကြို့ပင်ကောက်မြို့များသို့ ဖြန့်ဖြူးရောင်းချနေပြီး လက်ကားဈေးနှုန်း (၁၀)ကျပ်သားတစ်ထုပ်လျှင် (၁၄၀၀)ကျပ်၊ (၂၀) ကျပ်သားတစ်ထုပ်လျှင် (၂၇၀၀)ကျပ်၊ ဘယာကြော်မှုန့် (၁၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ ပဲမှုန့်(၁၀) ကျပ်သားလျှင်  (၁၁၀၀)ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။

          ကုလားပဲစိမ်း (၁၉)ပိဿာဝင် တစ်တင်းလှော်ပါက ကုလားပဲလှော်(၁၅)ပိဿာခန့်ရရှိပြီး ပဲခြမ်း ခွဲစိတ်ကြီးနှင့် အမှုန့်(၃)ပိဿာ၊ အခြောက် အခွံအလျော့(၁)ပိဿာထွက်ရှိကြောင်း၊ အထွေထွေကုန်ကျစရိတ်နုတ်ပြီး ပဲတစ်တင်းလျှင် (၁၂၀၀၀)ကျပ်ခန့်အမြတ်ရရှိကြောင်း၊ စားသုံးသူများကြိုက်နှစ်သက်၍ ဈေးကွက်တွင်ကျယ်လာပါက လုပ်ငန်းတိုးချဲ့ရန် စီစဉ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)