Main menu

ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂.၅.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံသို့သွားရောက်၍ ရော်ဘာ ကြိတ်ခွဲသန့်စင်မှုနှင့် ရော်ဘာဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

          တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရော်ဘာစိုက်ဧက (၁၇၈၆၇)ရှိပြီး အထွက်နှုန်းမှာ တစ်ဧကကီလို (၂၇၀)ခန့်ထွက်ရှိသည်ဟု သိရပါသည်။ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာ ကြိတ်ခွဲသန့်စင်စက်ရုံသည် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုဒေသမှထွက်ရှိသော ရော်ဘာအကြမ်းခဲ များကိုဝယ်ယူ၍ ပြန်လည်ကြိတ်ခွဲသန့်စင်ပြီး မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အထူး(၄)ဒေသမှတဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ အဓိကတင်ပို့ရောင်းချကြောင်း စက်ရုံမန်နေဂျာဦးခမ်းဒီနွဲ့ ထံမှ သိရှိရပါသည်။

           ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံတွင် ရော်ဘာအကြမ်းခဲ အတုံးများကို ဖုန်သဲခဲအမှိုက်များကိုဖယ်ရှားရန် စက်ဖြင့်အကြိမ်ကြိမ်ကြိတ်ခွဲ ဆေးကြောသန့်စင်ကာ နောက်ဆုံးအဆင့်အနေဖြင့် ရော်ဘာအတွင်း ရေပါဝင်မှုအနည်းဆုံးဖြစ်ရန် စက်ဖြင့်ညှစ်၍သန့်စင် သော ရော်ဘာအပြားများ ရရှိရန်ပြုလုပ်ကြောင်း၊ စက်ရုံသည် ရော်ဘာကြိတ်ခွဲသန့်စင်စက်(၈)လုံး၊ လုပ်သားအင်အား(၁၄)ဦးဖြင့် တစ်ရက်လျှင် ရော်ဘာအကြမ်းတန်(၃၀)ခန့် ကြိတ်ခွဲသန့်စင်ပေးနိုင်ကြောင်း၊ ရော်ဘာအကြမ်းခဲ (၁၀)တန်ကို ကြိတ်ခွဲသန့်စင်လိုက်ပါက ရော်ဘာပြား (၆.၅)တန်မှ (၇)တန်ထိသာ ပြန်လည်ရရှိကြောင်း သိရှိရပါသည်။

            အဆိုပါစက်ရုံသည် ယခင်နှစ်က ရော်ဘာစိုက်တောင်သူများထံမှ ရော်ဘာအကြမ်းအသစ် တစ်ကီလိုကို (၁၄၅၀)ကျပ်၊ ရော်ဘာအကြမ်းအဟောင်းတစ်ကီလိုကို (၂၄၀၀)ကျပ်ဖြင့် ဝယ်ယူကာ ပြန်လည်ကြိတ်ခွဲသန့်စင်ပြီး နိုင်ငံတော်သို့ပေးသင့်ပေးထိုက်သော အခွန်အခများပေးဆောင်၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စက်ရုံအနေဖြင့် တရုတ်နိုင်ငံသို့ သန့်စင်ပြီးရော်ဘာတန်ချိန် (၂၀၀၀)ကျော်တင်ပို့နိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုများ ပြန်လည်ဖွင့်လှစ်ပါကတင်ပို့နိုင်ရန် ရော်ဘာကြိတ်သား တန် (၁၀၀၀)ခန့် ဝယ်ယူကြိတ်ခွဲသန့်စင်ထားပြီး ဖြစ်ကြောင်းသိရှိရပါသည်။

           သို့ဖြစ်ပါ၍ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကောင်တိုင်းလိ (Kaung Tai Le) ရော်ဘာ ကြိတ်ခွဲသန့်စင်စက်ရုံသည် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုဒေသမှထွက်ရှိသော ရော်ဘာကုန်ကြမ်းများကိုဝယ်ယူပြီး ပြန်လည်ကြိတ်ခွဲသန့်စင်ကာ တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြင့် ဒေသခံရော်ဘာစိုက် တောင်သူများ ရော်ဘာကုန်ကြမ်းများ ရောင်းချရာတွင်လွယ်ကူခြင်း၊ ဈေးမှန်ရရှိခြင်း၊ ဒေသခံလုပ်သားများ အလုပ်အကိုင်ရရှိခြင်းနှင့် နိုင်ငံတော်အတွက် အခွန်အခများရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိကာ ရော်ဘာစိုက်တောင်သူများနှင့် ရော်ဘာကြိတ်ခွဲသန့်စင်စက်ရုံပါ နှစ်ဦးနှစ်ဖက်အဆင်ပြေ နေပါကြောင်း ကွင်းဆင်းလေ့လာခဲ့မှုများအားရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)