ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရန်ကုန်-ဓနုဖြူ-ဟင်္သတကားလမ်းဘေး ကျေးရွာများတွင် ပဲတိုင်တောင်သီးနှံကို စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၈၆၁ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။
မျိုးအနေဖြင့် ပဲတိုင်တောင်မျိုးကို တစ်ထုပ်လျှင် ၇၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် မျိုးထုပ် ၁၀ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မြေဘောင်ပြုလုပ်ကာ ၇ရက်သားတွင် မြေချ၍ တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ၄၅ ရက်သားအရွယ်တွင်အသီးကျ၍ တစ်နှစ်ကို ၂ကြိမ် စိုက်ပျိုးကြောင်း၊ ဇွန်၊ဇူလိုင်၊ ဩဂုတ်လတို့တွင် စိုက်ပျိုးမှု မရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ ခန့်သာကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပဲတောင်ရှည် ၁ပြန်ခူးလျှင် အတောင့် ၅၀၀ ခန့် ထွက်ရှိကြောင်း ၂၀ရက်အတွင်း နေ့စဉ်ခူးရ၍ အတောင့်ရေ ၁၀တောင့်စီး ၁၀၀၀ ခန့် ရရှိကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် ၅.၁၂.၂၀၂၄ရက်နေ့ ပဲတောင့်ရှည်လက်ကားဈေး ၁၀တောင့်စီး တစ်စီးလျင် ငွေကျပ် ၅၀၀ ဖြင့် ရောင်းချရပြီး၊ ဈေးအတွင်း ၁၀တောင့် ၁စီးကို လက်လီဈေး ၇၀၀-၈၀၀ကျပ်ထိ ဈေးပေါက်သည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅၀၀၀၀၀ ခန့် ရရှိ၍ ၄သိန်း အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်သိရိမင်္ဂလာဈေး၊ မီးခွက်ဈေး၊ တညှင်းကုန်းဈေး၊ တင်ပို့ရောင်းချကြပြီး ယခုနှစ်တွင် မိုးများ၍ တိုင်တောင်ပဲတောင့်ရှည် စိုက်ပျိုးမှုနောက်ကျပြီး အထွက်နှုန်းလျော့နည်းသော်လည်း ပဲတောင့်ရှည်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ်များရရှိကြောင်းကို တိုင်တောင်ပဲစိုက်ပျိုးသူ ဦးသန်းရွှေထံမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)