ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ မင်းဘောကျေးရွာအုပ်စု၊ ကျုံစုပ်ကျေးရွာတွင် ကော့သောင်း ဘိတ်ကွမ်းသီးကို ဧက ၁၅ဧကတွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကွမ်းသီး စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကော့သောင်း ဘိတ်ကွမ်းသီးကိုစိုက်ပျိုးကြပြီး အခြားသောကျေးရွာများတွင် ရိုးရိုးကွမ်းသီးစိမ်းကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခု ဘိတ်ကွမ်းသီးကို မျိုးတစ်ပင်လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ဝယ်ယူ၍ စိုက်ပျိုးကြပြီး ၁၅ဧကတွင် ဘောင် ၁၅ဘောင်ပြုလုပ်ပြီး အပင် ၂၀၀ စိုက်ပျိုးထားကြောင်းသိရသည်။
ကွမ်းသီးကို ၂၀၂၂ခုနှစ် စတင်စိုက်ပျိုးပြီး ယခုကွမ်းသီး ၂နှစ်သားရှိပြီဖြစ်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ၁၅ ဧကတွင် ငွေကျပ် ၅၀၀၀၀၀ ခန့်ကုန်ကျပြီး ကွမ်းသီး၃နှစ်သားတွင် အသီးထွက်ရှိမည်ဖြစ်၍ ယခု အချို့အပင်များ အဖူးစတင်နေပြီးဖြစ်ကြောင်း ၁ပင်ကို ကွမ်းသီး အလုံး၂၀၀ခန့်ထွက် ရှိနိုင်ကြောင်း၊ အထွက်နှုန်း ပျမ်းမျှ ၄၀၀၀၀ ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ယခုကွမ်းသီးဈေး အလုံး ၁၀၀လျှင် ငွေကျပ် ၁၅၀၀၀/-ရရှိပြီး၊ ကွမ်းသီးရှားလျှင် ကွမ်းသီး ၁၀၀ကို ၂၅၀၀၀/-ထိ ရရှိကြောင်းသိရသည်။ ကွမ်းခြံမှ ကွမ်းသီးများကို ရန်ကုန်မြို့သို့ တင်ပို့မည်ဖြစ်ပြီး တိုင်းဒေသကြီးမြို့နယ်များအတွင်းလဲ ရောင်းချမည်ဖြစ်ကြောင်း ကွမ်းသီးစိုက်ပျိုးသူ ကွမ်းခြံတာဝန်ခံ ဦးဝင်အောင်ထံမှ သိရှိရပါသည်။
DOCA (ဧရာဝတီ)