စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပတ်ဝန်းကျင်အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသည် မိမိတို့ ယာကွက်များအတွင်းနှင့် အိမ်ခြံဝင်းများအတွင်းတွင် စားပင်သီးပင်များကို မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေ ရရှိအတွက် အာတာလွတ်ဥ(ခေါ်)အာဂတ်ဥကိုလည်း စိုက်ပျိုးလျက်ရှိကြပြီး အာတာလွတ်ဥ(ခေါ်) အာဂတ်ဥသည် လူကြိုက်များသော ရောင်းအားကောင်းလျက်ရှိပါသည်။
အာတာလွတ်ဥ(ခေါ်)အာဂတ်ဥကို စိုက်ပျိုးရာမှာ သီးခြားစိုက်ပျိုးရန်မလိုဘဲ ယခင်နှစ်က အာတာလွတ်ဥ(ခေါ်)အာဂတ်ဥတူးဖော်စဉ်က ဥအသေးများနှင့် အပင်တက်ထွက်ရှိရာ ဥ၏အမြီးပိုင်း များကိုချိုး၍ တူးယူထားသော ကျင်းဟောင်းနေရာတွင် ပြန်လည်မြေဖို့၍ စိုက်ပျိုးကြပါသည်။ အာတာလွတ်ဥ(ခေါ်)အာဂတ်ဥကို နှစ်ရှည်သီးနှံပင်များကြားတွင်လည်း စိုက်ပျိုးထားကြပြီး ဖွဲကြမ်း၊ ဖွဲပြာနှင့် ဝက်ချေးများ ချထားလျှင် ပိုမိုဖြစ်ထွန်းကာ ဥလှပြီးဈေးကောင်းရရှိကြောင်း သိရှိရပါသည်။
အာတာလွတ်ဥ(ခေါ်)အာဂတ်ဥကို ပြုတ်ပြီး ဆီနှင့်ဆားနယ်ကာ သရေစာအဖြစ်စားကြသလို ပြုတ်ပြီး လုံးခြမ်းကွဲထောင်းကာဆီသတ်ပြီး အရံဟင်းအဖြစ်လည်း အသုံးပြုကြပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ အာတာလွတ်ဥ(ခေါ်)အာဂတ်ဥ ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၈၀၀)ကျပ်၊ ၂၅ကျပ်သား လျှင်(၁၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းများဖြင့် ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)