Main menu

ရာသီပေါ်ပန်းဂေါ်ဖီစိမ်းဈေးနှုန်းဈေးကွက်

Powered by Drupal

    ပန်းဂေါ်ဖီစိမ်းသည် ၁၉၈၀ပြည့်နှစ်ခန့်မှစ၍ မြန်မာပြည်တွင် စိုက်ပျိုးလာသောမျိုးဖြစ်ပါသည်။ ပန်းဂေါ်ဖီ အစိမ်းသည် ပိုမိုနူးညံ့ပြီးဗီတာမင်ကေ ပါဝင်မှုအထူးများပြားပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ အစာအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကို ပျောက်ကင်းစေနိုင်ပါသည်။ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီအဖြူစတင်ဖြစ်ထွန်းရာ ဒေသများဖြစ်သော အီတလီနိုင်ငံ၊ အမေရိကန် နိုင်ငံတို့တွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်ရာမှ ကမ္ဘာတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြစ်ပါသည်။ပန်း ဂေါ်ဖီစိမ်းတွင် အဓိကအားဖြင့် အစိမ်းရောင်ပန်းပွင့်နှင့် ခရမ်းနီရောင်ပန်းပွင့်ဟူ၍ နှစ်မျိုးရှိပါသည်။ ပန်းပွင့်၏အချင်းသည် (၈-၁၀) လက်မခန့်ရှိပြီး သက်တမ်း(၇၅-၉၀) ရက်ခန့်တွင် ဆွတ်ခူးနိုင်သည်။ ထူးခြားချက်မှာ ပန်းဂေါ်ဖီအဖြူကဲ့သို့ ထိပ်ပန်းပွင့်တစ်ခုတည်းကိုသာ စားသုံးရခြင်းမဟုတ်ဘဲ ဘေးတက်များမှ ဖြစ်ပေါ်လာသော ပန်းပွင့်များကိုပါ စားသုံးရခြင်းဖြစ်သည်။ ပန်းဂေါ်ဖီစိမ်းသည် ထိပ်ပန်းပွင့်ကို ဖြတ်ယူစားသုံးပြီးနောက် ထွက်လာသောဘေးတက်များမှာ ပန်းပွင့်များနှင့် အဆုံးသတ်လေ့ရှိပါသည်။ သို့ဖြစ်၍ အေးမြခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီစိမ်းပင်များကို အပင်သက်တမ်း(၁၁)လခန့်အထိ ကြာရှည်စွာ ခူးဆွတ်ရရှိနိုင်ပါသည်။ပန်းဂေါ်ဖီစိမ်းသည် ပန်းဂေါ်ဖီ အဖြူကဲ့သို့ပင် အအေးကြိုက်သည်။ မြေပြန့်ဒေသတွင် စက်တင်ဘာလမှဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်၍ တောင်ပေါ်ဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အကျယ်အဝန်း (၁၀ပေ x ၂.၅ပေ) ဘောင်ကို ပေါက်ပြားဖြင့်မြေဆိုင်ခဲကလေးများရရန် ပြုပြင်ပေးရသည်။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့အောင်စဝက်ခန့်လိုပါသည်။ ပျိုးဘောင်ပေါ် တွင် မျိုးစေ့ကြဲရန် (၂)လက်မခြား မြောင်းများဆွဲပြီးမျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှနွားချေးနှင့် မြေဆွေးမှုန့်ပါးပါးဖုံးအုပ်ပေးပါ။ ထို့နောက် ကောက်ရိုးခြောက်များ ပါးလွှာစွာ ထပ်မံဖုံးအုပ်ပေး၍ ရေရွှဲရွှဲ လောင်းပေး ရမည်။ ဘောင်ပေါ်တွင် တစ်တောင်အမြင့်သက်ကယ်မိုးပေးရသည်။ (၃-၄)ရက် ကြာလျှင် အညှောင့် ပေါက်လာမည်။ (၁၂)ရက်ခန့်ကြာလျှင် တန်းကြား မြေဆွပေါင်းရှင်းခြင်း ပြုလုပ်ပေးရသည်။ ပျိုးသက် (၂၀)ရက်ရလျှင် မြေဩဇာကို တစ်ဘောင်လျှင်ယူးရီးယား (၅)အောင်စ နှုန်းဖြင့် ရေဖျော်ပြီး ဖျန်းပေးရပါမည်။ ၎င်းနောက်ရေဝအောင်လောင်းပေးရပါသည်။ စိုက်ခင်းသို့ပြောင်း ရွှေ့စိုက်ပါက ညနေပိုင်း(၃)နာရီခန့်တွင် ပျိုးပင်များကို အမြစ်မနာအောင်နုတ်ပြီး ပြောင်းရွှေ့စိုက်သင့်သည်။

   ထို့ပြင်ရွှေ့စိုက်ပြီး(၃၀)ရက်အကြာတွင်တစ်ကြိမ်၊ (၄၅)ရက်အကြာတွင် တစ်ကြိမ် ဘေးတက်ဖဲ့ပေးရပါမည်။ ထိပ်ဖူးစတင်ချိန်တွင်မူထွက်ရှိနေသောဘေးတက်များကို မဖဲ့ရပါ။ ၎င်းတို့ကိုဆက်လက်ထားရှိခြင်းဖြင့် ထိပ်ပိုင်းရှိပန်းပွင့်ဆွတ်ခူးပြီး (၂)ပတ်ခန့်အကြာတွင် ဘေးတက်များမှ ပန်းပွင့်များကို ဆွတ်ခူးနိုင်သည်။ ရာသီဥတုအေးမြ၍ မြေဆီထက်သန်သောမြေများတွင် ဘေးတက်မှထွက်သောပန်းပွင့်သည် ထိပ်ပိုင်းမှ ပွင့်သောပန်းပွင့်နီးပါးကြီးနိုင်၍ တစ်ပတ်လျှင်ဘေးတက် (၂၀)ခန့်ထွက်ရှိနိုင်သည်။ ဘေးတက်များသည် အပင်အသက်ရှင်နေစဉ်ကာလ၌ စဉ်ဆက်မပြတ်ထွက်ပေါ်နိုင်သည်။ အဖူးတင်းမာနေသောအချိန်၊ မပွင့်မီအချိန်တွင် ရိတ်သိမ်းနိုင်သည်။ သက်တမ်းလိုက်၍ ရိတ်သိမ်းနိုင်သည်။ သက်တမ်းလိုက်၍ ရွှေ့စိုက်ပြီး(၂-၂လခွဲ) ခန့်ကြာလျှင် ပန်းပွင့်ကိုစတင်ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့လိုပါက အရွက် (၂-၃)ရွက် ချန်ထား၍ ခုတ်ရပါသည်။ အချိန်မှီမခုတ်ပါက ပန်းပွင့်အရောင် ပြောင်းသွားပြီး ပန်းပွင့်ရိုးတံများထွက်လာတတ်ပါသည်။ ပန်းပွင့်ရိုးတံကို(၄)လက်မခန့်အရှည်ထားပြီး ပလတ်စတစ်ဖြင့်တစ်ပွင့်လုံးအုပ်လိုက်ခြင်းဖြင့် ကြာရှည်ခံနိုင်သည်။ တစ်ဧကလျှင် ပန်းဂေါ်ဖီစိမ်းမျိုး လိုက်၍ တန်ချိန် (၅-၈)တန် ထွက်ရှိပြီး တစ်ပွင့်လျှင် ၃၀၀၀မှ၃၅၀၀ ရရှိကြောင်း တောင်သူများထံမှ သိရပါသည်။

DOCA(ဧရာဝတီ)