Main menu

ဆန်ပြတ်လပ်မှုဖြေရှင်းရန် လယ်ယာထွက်ကုန်အခွန်ဥပဒေပြင်ချက် ဖိလစ်ပိုင်သမ္မတ အတည်ပြု

Powered by Drupal

       နိုင်ငံ၏ဆန်စပါးထုတ်လုပ်မှု ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် လယ်ယာထွက်ကုန် အကောက်ခွန် စည်းကြပ်မှု ဥပဒေ (Agricultural Tariffication Act) အား ဒီဇင်ဘာလ ၉ ရက်နေ့ တွင် သမ္မတ Marcos က အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။

     နိုင်ငံ၏ ဆန်ပြတ်လပ်မှုကို အရေး‌ပေါ်တုံ့ပြန်ဖြေရှင်းရန်နှင့် လယ်သမားများ လိုအပ်လျက် ရှိသည့်အရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရန် ရည်ရွယ်ချက်များဖြင့် ဥပဒေအမှတ် ၁၂၀၇၈ ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်စပါး အကောက်ခွန် စည်းကြပ်မှုဥပဒေ (သို့မဟုတ်) ဥပဒေအမှတ် ၁၁၂၀၃ ကို ပြန်လည်ပြင်ဆင်ရခြင်းမှာ ဆန်စပါးဈေးကွက် ယှဉ်ပြိုင်မှုတိုးတက်ရေး ရန်ပုံ‌ငွေ (Rice Competitiveness Enhancement Fund - RCEF) ကို ၂၀၃၁ ခုနှစ်အထိ တိုးမြှင့် ဖော်ဆောင်ရန်နှင့် နှစ်စဉ်ရန်ပုံငွေ ပမာဏလျာထားမှုကို ပီဆို ၁၀ ဘီလီယံမှ ပီဆို ၃၀ ဘီလီယံသို့ တိုးမြှင့်ရန်အတွက်ဖြစ်ကြောင်း၊ ဥပဒေအရ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ရုတ်တရက်ဆန်ပြတ် လပ်မှု သို့မဟုတ် ဆန်ဈေးနှုန်းအဆမတန်မြင့်မားမှု ဖြစ်ပေါ်ချိန်၌ ဈေးကွက်တည်ငြိမ်မှုရှိစေရေး     လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် ဖိလစ်ပိုင် နိုင်ငံသားတိုင်း ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူစားသုံးနိုင်ရေးကို အထောက်အကူပြုမည်ဖြစ် ကြောင်း သမ္မတက အလေးအနက်ထား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

     ထို့အပြင် အဆိုပါဥပဒေသည် ဆန်စပါးလုပ်ငန်းနယ်ပယ်ကို ပိုမိုစည်းကမ်းတင်းကြပ်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ အခွင့်အာဏာအပ်နှင်းထားပြီးဖြစ်ရာ ဈေးကွက်အတွင်းသို့ စံချိန်စံညွှန်းပြည့်မီသည့် ဆန်များရောက်ရှိလာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းဗျူရိုအနေဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာထောက်ပံ့မှုကို အကာအကွယ်ပေးရန်နှင့် ပြည်သူများ ၏ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှု သေချာခိုင်မာစေရန်အတွက်  ဆန်သိုလှောင်ရုံများအား စစ်ဆေးခြင်းနှင့် သီးနှံသိုလှောင်မှုကို နောက်ကြောင်းပြန်ခြေရာခံရန်အတွက် အမျိုးသားအဆင့် သတင်းအချက်အလက်စနစ်အား စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတက ပြောကြားခဲ့ပါသည်။

     လယ်သမားများအနေဖြင့် အထွက်နှုန်းမြင့်မားသည့် အရည်အ‌သွေးမြင့် မျိုးစေ့များကို ပိုမို ဝယ်ယူအသုံးပြုနိုင်စေရန်အတွက် ပြန်လည်ပြင်ဆင်ထားသည့် အဆိုပါဥပဒေ၌ မျိုးစေ့အစီအစဉ်နှင့် စက်မှုလယ်ယာဖော်ဆောင်ရေး အစီအစဉ်တို့ကို ဖော်ပြထားကြောင်း၊ ရိတ်သိမ်းချိန်လွန် လေလွင့် ဆုံရှုံးမှုများ ‌လျော့ချရေးကိုလည်း သိသာစွာအလေးပေးဖော်ပြပါရှိကြောင်း၊ နှစ်စဉ် ဆန်တန်ချိန် ၃၇၅၀၀၀ ခန့် လေလွင့်ဆုံးရှုံးနေမှုကို ကာကွယ်တားဆီးခြင်းဖြင့် နောင်လာမည့် ၆ နှစ်တာ ကာလအတွင်း ပြည်သူဦးရေ ၃.၄ သန်းအတွက် ထပ်ဆောင်း၍ စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင် မည်ဖြစ်ပြီး အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဈေးနှုန်းသင့်တင့်သည့်ဆန်များ ပိုမိုဝယ်ယူစားသုံးနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သမ္မတ Marcos က ပြောကြားခဲ့ပါသည်။

Source : Manila Bulletin, 09 December 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)