ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးချင်း၏ လယ်ယာမြေ (၀.၂၅)ဧကတွင် သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။
ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော သခွားသီးများကို စားသုံးသူများမှ အများအပြားစားသုံးကြပါသည်။ သခွားမျိုးမှာ (၃၉၅)မျိုးကို ဝယ်ယူစိုက်ပျိုးပြီး မျိုးထုတ်တစ်ထုတ်လျှင် (၁၂၀၀၀)ကျပ်ပေးရကြောင်းသိရသည်။ စက်တင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခု နိုဝင်ဘာလတွင် ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။ သခွားသီးများကို တစ်ရက်ချန်ခူး၍ရောင်းချပြီး တစ်ခါခူးလျှင် အလုံးရေ (၈၀၀ - ၁၀၀၀)လုံးခန့်ရရှိပါသည်။ ဈေးနှုန်းများမှာ တစ်လုံးလျှင် (၁၅၀-၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။ သခွားသီးများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း ရောင်းချလျက်ရှိကြောင်းသိရသည်။
သခွားသီးများ ရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များမှ လာရောက်ဝယ်ယူကြသလို ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်း သွားရောက်ရောင်းချမှုများရှိပါသည်။ ယခုအချိန်သည် သခွားသီးများ စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ ဈေးကောင်းရကာ အရောင်းသွက်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)