Main menu

ပန်းဂေါ်ဖီစိုက်ပျိုးထုတ်လုပ်မှု

Powered by Drupal

             ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည်(၉-၁၂-၂၀၂၄)ရက်နေ့တွင် ကျီးသဲကျေးရွာအုပ်စု၊ လိပ်ပုတ်ကုန်းကျေးရွာရှိ ပန်းဂေါ်ဖီ စိုက်ပျိုးထား သောတောင်သူဦးမြင့်လွင်နှင့် သွားရောက်တွေ့ဆုံ၍ ဈေးနှုန်း၊ဈေးကွက် အခြေအနေနှင့် ထွက်ရှိမှုတို့အားသိရှိနိုင်ပါရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ တောင်သူသည် စိုက်ပျိုးသောပန်းဂေါ်ဖီ မျိုးမှာ ဘူးမန်း (၁၅၃)မျိုး ဖြစ်ပြီး စိုက်ဧကမှာ(၀.၂၅)ဧက စိုက်ပျိုးထားရှိပြီး ယခင်နှစ်ကလည်း အလားတူစိုက်ပျိုးခဲ့ပါသည်။ ပန်းဂေါ်ဖီများအား ဩဂုတ်လလည်ပိုင်းတွင် စတင်စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာ လလည်ပိုင်းမှ စတင်၍ခူးဆွတ်ရပြီး အပွင့်ရေ (၃၆၀၀)ပွင့်အထိ ရပြီဖြစ်ပါသည်။ ပန်းဂေါ်ဖီ စိုက်ဧက (၀.၂၅)ဧကတွင် ရောင်းတန်းဝင်ပန်းဂေါ်ဖီ (၃၀၀၀)ပွင့် ထွက်ရှိပါသည်။

            ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က(၀. ၂၅)ဧကတွင် (၂)သိန်းကျပ်ခန့် ကုန်ကျခဲ့ပြီး ရောင်းဈေး အနေဖြင့် ခြံဈေး တစ်ပွင့်လျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရ၍ အကျိုးအမြတ်အနေဖြင့် (၀.၂၅)ဧကတွင် (၄)သိန်းကျပ် ရရှိခဲ့ပါသည်။ ယခုနှစ်တွင် ကုန်ကျစရိတ်အနေဖြင့် (၀.၂၅)ဧကတွင် (၆)သိန်းကျပ်ခန့် ကုန်ကျခဲ့ပြီး ရောင်းဈေးအနေဖြင့် ခြံဈေးတစ်ပွင့်လျှင် (၁၀၀၀)ကျပ်ရောင်းချရ၍ အကျိုးအမြတ် အနေဖြင့်  (၄)သိန်းကျပ် အကျိုးအမြတ်ရရှိနေပါသည်။ ပန်းဂေါ်ဖီကို ကျီးသဲအုပ်စုတွင် စိုက်ဧက(၆) ဧကရှိပြီး တောင်သူ(၁၅)ဦးခန့်ရှိပါသည်။ ထိုမှထွက်ရှိလာသော ပန်းဂေါ်ဖီများအား နယ်မြို့များအပြင် ရန်ကုန်မြို့သို့လည်းကားများဖြင့် တင်ပို့ရောင်းချကြောင်း သိရပါသည်။

             ထိုသို့အကျိုးအမြတ်အင်မတန်များနေရခြင်းမှာ ပန်းဂေါ်ဖီအနေဖြင့် ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်း နေခြင်းဖြစ်ပါသည်။ ပန်းဂေါ်ဖီလှိုင်လှိုင်ပေါ်လျှင် ဈေးကျမည်ဟုခန့်မှန်းရပါသည်။ ယခု အချိန်တွင် အောက်ခြေဈေးကွက်အတွင်း ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၁၅၀၀-၁၆၀၀)ကျပ် ရောင်းချကြကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)