Main menu

စံချိန်စံညွှန်းမီ အရည်အသွေးမြှင့် စိုက်ပျိုးထုတ်ကုန်လုပ်ငန်းတိုးတက်အောင်ဆောင်ရွက်ရေး

Powered by Drupal

            မြန်မာနိုင်ငံသည် ပကတိမပျက်မစီးသဘာဝအတိုင်း တည်ရှိနေသော အံ့ဩဖွယ် အလှတရား များနှင့် ယဉ်ကျေးမှုဆိုင်ရာ အံ့ဩဖွယ်ရာများတည်ရှိရာနိုင်ငံဖြစ်သည်။ အာရှသို့လာရောက် လည်ပတ်မည့် ခရီးသွားများအတွက် ကောင်းမွန်စစ်မှန်သော အတွေ့အကြုံများအား ပေးစွမ်း နေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ မြောက်ဘက်ရှိ ရေခဲများဖုံးလွှမ်းနေသော ဟိမဝန္တာ တောင်တန်းများမှ တောင်ဘက်ရှိ မပျက်မစီး သဘာဝအတိုင်းတည်ရှိနေသည့် ပြာလဲ့သော ပင်လယ်ပြင်ထိ သဘာဝ အလှတရားများ ပေါများပြည့်လျှံ နေသည့် နိုင်ငံတစ်ခုဖြစ်ပေသည်။

            သဘာဝအလှတရားဆွဲဆောင်မှုများတွင် ရေကန်များ၊ လှိုဏ်ဂူများ၊ မြစ်များ၊ ကမ်းခြေများ၊ ကျွန်းစုများနှင့် တောင်တန်းများ ပါဝင်ပါသည်။ သမိုင်းအမွေအနှစ်နှင့် ယဉ်ကျေးမှု အနုပညာများကို နှစ်ခြိုက်သူများအနေဖြင့် စေတီပုထိုးများ၊ ရာသီပွဲတော်များ၊ လူမျိုးစု (၁၃၅)မျိုး၊ မြိန်ယှက်ဖွယ်အရသာကောင်းမွန်သည့် ဟင်းလျာများအား ဖွေရှာမြည်းစမ်းနိုင်ပါ သည်။ မြန်မာနိုင်ငံသည် ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၇)ခုနှင့် ပြည်ထောင်စုနယ်မြေ(၁)ခု တို့ဖြင့် ဖွဲ့စည်းထားပါသည်။

            မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းပြည်တစ်ခုဖြစ်သည်။ ရေမြေသဘာဝ ကောင်းမွန်ပြီး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည်။ နိုင်ငံသားအများစုသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပါက အလုပ်အကိုင်အခွင့်အလမ်းများ ပေါများပြီး လူမှုစီးပွား ဘဝမြင့်မား တိုးတက်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာမည်ဖြစ်သည်။စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့် အတွက် စိုက်ပျိုးသူတောင်သူများ  ဆုံးရှုံးနစ်နာမှုများမဖြစ်စေရေး၊ အရည်အသွေးမီစိုက်ပျိုး ထုတ်ကုန်များကို  အရည်အသွေးနှင့်စံချိန်စံညွှန်းနှင့် အညီ ပြည်ပမှ တင်သွင်းလျက်ရှိသည်။

              စိုက်ပျိုးရေးကဏ္ဍတွင် စိန်ခေါ်မှုအမျိုးမျိုးရှိသည့်အနက် အဓိကကျသော အချက်တစ်ခု မှာ  နည်းပညာဖြင့်  ဈေးကွက်တန်ဖိုးမြှင့်ရေးသည်  မြန်မာနိုင်ငံတွင်  အထူးအရေးပေး လုပ် ဆောင် လျက်ရှိသည်။    မြန်မာနိုင်ငံ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် နည်းပညာ၊ မျိုးစေ့၊ အရည်အသွေးစသည်တို့နှင့်ပတ်သက်၍ လိုအပ် သည်များကို   ပံ့ပိုးဖြည့်ဆည်းမျှဝေပေးလျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာမှ တိုးတက် ဖြစ်ထွန်းနေသည့် စိုက်ပျိုးရေးနည်းပညာများကို လေ့လာဆည်းပူးပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးသူ များအား တစ်ဆင့်ဖြန့် ဝေပေးလျက်ရှိသည်။

             စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့်   အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စံပြမျိုးထုတ်ရွာများ တည်ထောင်၍ မိုလ်ဘိုင်းမျိုးစေ့သန့်စင်စက်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ မြေဆီလွှာ ကျန်းမာရေးကို စောင့်ရှောက်နိုင်မည့် စံပြကျေးရွာများ နှင့်  ဒစ်ဂျစ်တယ်နည်းပညာ စံပြကျေးရွာ များ  ပေါ်ထွန်းလာရေး စီမံ ဆောင် ရွက်လျက်ရှိသည်။တစ်ဖက်တွင် စိုက်ပျိုးရေးကိုအခြေခံသည့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာများ     ပြန်လည်မျှဝေပေးသည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။

               စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပြန်လည်မျှဝေရေးအစီအစဉ်ကို အသေးစား၊ အငယ်စားနှင့်  အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက် နှင့်အညီ စားသောက်ကုန်များကို နိုင်ငံတကာအဆင့်မီ နည်းပညာများအသုံးချ၍ အရည်အသွေး မြင့်မားပြီး စံချိန်စံညွှန်းပြည့်မီစွာ စီးပွားဖြစ်အမြောက်အမြား ထုတ်လုပ်နိုင်စေရန်၊   အာဆီယံ ထုတ်ကုန်များအတိုင်း ထုတ်ကုန်အသစ်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် အမျိုးသား အဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရန် ရည်ရွယ်၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ သာဓကအားဖြင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ အသေးစား၊ အငယ်စားနှင့်  အလတ်စား MSME  လုပ်ငန်းရှင်များကို မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် ဒေသတွင်းစိုက်ပျိုးရေး နည်းပညာဖလှယ်မှုမှရရှိထားသော စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာအသစ်ခြောက်မျိုးနှင့် စံချိန်စံညွှန်းဆိုင်ရာ အသိပညာများ အား  ပြန်လည် မျှဝေပေးခဲ့သည်။   အဆိုပါဆောင်ရွက်မှု၏ အကျိုးရလဒ်အဖြစ် မြန်မာနိုင်ငံမှ စိုက်ပျိုး ထုတ်လုပ်သည့် အရည်အသွေးမီသော စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း ပြည်ပသို့ တိုးတက်ရောင်းချနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံ့စီးပွားမြင့်မားရေးကို အထောက်အကူပြုမည်ဖြစ်သည်။

           မြန်မာနိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်း ကြွယ်ဝ သည့်  ရေ၊ မြေ အရင်းအမြစ်များအား ထိရောက်စွာအသုံးချ၍ စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံရုံ မျှမက နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နေရာယူနိုင်သည်အထိ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အခြေခံကျသည့် စိုက်ပျိုးရေး လုပ်ငန်းများတွင် သီးနှံအရည်အသွေးမြင့်မားသည့် နည်းပညာများ မျှဝေပေးခြင်း၊ စိုက်ပျိုးရေး ထွက်ကုန်များကို အခြေခံ ထုတ်လုပ်သည့် စားသောက်ကုန်များ စံချိန်စံညွှန်းများနှင့်အညီ ဈေးကွက်လိုအပ်ချက်အတိုင်း တိုးမြှင့်ထုတ်လုပ်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

             သို့ဖြစ်ရာ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် သမားရိုးကျထုတ်ကုန်များသာမက ထုတ်ကုန်သစ်များအား နိုင်ငံတော်က မျှဝေပေးသော နည်းပညာများကို ထိရောက်စွာ အသုံးချ ၍ စံချိန်စံညွှန်းမီ အရည်အသွေးမြှင့် တိုးတက်ထုတ်လုပ်ပြီး ကုန်ထုတ်လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်ရေး၊ ဈေးကွက်မြှင့်တင်နိုင်ရေး၊ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး အထူးသဖြင့် နည်းပညာ၊ စီမံခန့်ခွဲမှုနှင့် အရည်အသွေးမြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)