Main menu

ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်း

Powered by Drupal

                 ပြည်တွင်းပြောင်းထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပဈေးကွက်တိုင်အောင် ထိုက်ထိုက်တန်တန်အခြေချမိစေရေး၊ ပြည်တွင်းပြည်ပစားသုံးသူများ ယုံကြည်စိတ်ချစွာ ပိုမိုအလေးထား ဝယ်ယူလာစေရေး၊ ပြောင်းစိုက်တောင်သူများ၏ ကြုံတွေ့နေရသောအခက်အခဲများကို အသင်း၏ ဦးဆောင်မှုဖြင့် အမြန်ဆုံးဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်ရေး ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့ နံနက်၉:၀၀နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ တရုတ်ယူနန်ဘုံကျောင်းကြီး၌ ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာနမှ  ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊  မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှတာဝန်ရှိသူများ၊ ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူလုပ်ငန်းရှင်နှင့် တောင်သူ(၁၀၈)ဦး တက်ရောက်ခဲ့ပါသည်။

                 အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးမှုနှင့် ကူးသန်းရောင်းဝယ်မှု တိုးတက်လာစေရေး၊ နိုင်ငံတကာဈေးကွက်ချိတ်ဆက်ရောင်းဝယ်မှုတိုးတက်လာစေရေး၊ လယ်ယာထွက်ကုန်စည်များ စဉ်ဆက်မပျက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ အစုအဖွဲ့များ၊ သီးနှံဇုန်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ တိုးချဲ့စည်းရုံး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်  ပြောင်းကိုပြည်တွင်းစားသုံးမှုထက် နှစ်စဉ်ပိုလျှံစွာထုတ်လုပ်နိုင်ခဲ့ပြီး ပြည်ပတင်ပို့မှုတွင် အာဆီယံဒေသအတွင်း ဒုတိယအများဆုံးတင်ပို့သော နိုင်ငံဖြစ်ကြောင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)(တောင်ပိုင်း)၊  ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်မှ ထွက်ရှိသည့်ပြောင်းများကို တရုတ်ဈေးကွက်သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ မိမိတို့ဌာနအနေဖြင့် အသင်းအဖွဲ့၊ အစုအဖွဲ့များကို တောင့်တင်းခိုင်မာစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အသင်းအဖွဲ့၊ အစုအဖွဲ့များအနေဖြင့်လည်း အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုအခက်အခဲများကို ကျော်လွှားသွားနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေအနေကောင်း အခွင့်အလမ်းကောင်းများ ရှိနေပြီးဖြစ်ရာ ပြောင်းသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက်အားလုံးစိတ်ပါဝင်စားစွာဖြင့် လက်တွဲဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း  နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးက အားကိုးအားထားပြုရမည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

                ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များ၊ တောင်သူများမှ ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်နှင့်စီမံခန့်ခွဲရေးကော်မတီ ရွေးချယ်တင်မြောက်ခြင်းနှင့် အတည်ပြုခြင်း၊ နာယက(၃)ဦးတင်မြောက်ခြင်း၊ ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းမှ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းအတွက် ဗဟိုအလုပ်အမှုဆောင်(၅)ဦးနှင့် အလုပ်အမှုဆောင်(၅)ဦးအမည်စာရင်းအား ဖတ်ကြားတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကချင်ပြည်နယ်ပြောင်းလုပ်ငန်းအသင်းအား အဖွဲ့ဝင်(၂၈)ဦးဖြင့် ရွေးချယ်တင်မြောက်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)