Main menu

အထက်မင်းလှမြို့၌ ကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီလက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင် ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ် (၁၅၀၀၀-၂၀၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကွမ်းစားထုံး (၁) လီတာ(၁)ဘူးလျှင် ကျပ်(၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင် ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက် ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ(၅)ပိဿာမှ (၇)ပိဿာထိ ပုံမှန်ရောင်းချရပါကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက် ကျပ်(၅၀၀၀)၊ ကွမ်းသီး ကျပ်(၄၀၀၀)ဈေးနှုန်းမြင့် တက်လာကြောင်း၊ ယခုအချိန်သည် ကွမ်းစိုက်ပျိုးထွက်ရှိရာဒေသများ၌ ကွမ်းအထွက်နှုန်းလျော့ကျသည့်အတွက် ကွမ်းဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ပြီး ကွမ်းသီးမှာ သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း  အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)