Main menu

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ(ဆောင်း)မြေပဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဖက်ကမ်းတွင် တည်ရှိပြီး နှစ်စဉ်ဆီထွက်သီးနှံ မြေပဲကို မိုးနှင့်ဆောင်း နှစ်ရာသီစိုက်ပျိုးလျက်ရှိသည်။ ဆောင်းမြေပဲကို ရွာသစ်၊ အနောက်ပိုင်း၊ အလယ်ပိုင်းရပ်ကွက်နှင့် ကိုးတောင့်၊ ချင်းတောင်၊ အောက်ဆိပ်၊ မြင်ကဝ၊ ကမ္ဘားကြီးအုပ်စုအတွင်းရှိ တောင်သူများသည် ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် (၃)လပဲ မြေပဲလုံးဆံ(ဖြူ) S1 အတောင့်သေးမျိုးကို စိုက်ဧက(၁၀၀၀)ခန့်အား ဒီဇင်ဘာလဆန်းမှစတင်၍ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန် မတ်လတွင် မြေပဲတူးဖော်ရိတ်သိမ်းကြောင်း သိရသည်။  သီးညှပ်သီးနှံအဖြစ် မြေပဲခင်းကြားတွင် နေကြာ၊ စားတော်ပဲ၊ ပြောင်းဖူး၊ ပဲနီကြားသီးနှံများနှင့်ရော၍ စိုက်ပျိုးကြောင်း  သိရသည်။

    ဆောင်းမြေပဲစိုက်ပျိုးရာတွင် မျိုးမြေပဲဆံ တစ်ပြည်လျှင် ကျပ်(၉၅၀၀)၊ တစ်တင်းလျှင် ကျပ် (၁၅၂၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး (၁)ဧကလျှင် မျိုးစေ့(၂)တင်းခန့် စိုက်ပျိုးရကြောင်း၊ အလုပ်သမား ငှားပြီး လက်ဖြင့် မြေပဲဆံတစ်စေ့ချင်းချပြီး စိုက်ပျိုးရကြောင်း၊ (၁)ဧကလျှင် အလုပ်သမား(၁၅)ဦးခန့် ငှားရမ်းပြီး တစ်ဦးလျှင် ကျပ်(၄၀၀၀)၊ နွားတစ်ရှဉ်း ကျပ်(၂၅၀၀၀)နှုန်းဖြင့် ငှားရမ်းစိုက်ပျိုးရကြောင်း၊ နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲပြီး မျိုးစေ့ဖြူးချစိုက်ပျိုးလျှင် မြေပဲလုံးဆံ(၃)တင်းခန့် ဝယ်ယူစိုက်ပျိုးရ ကြောင်း၊ စိုက်တောင်သူအများစုမှာ မျိုးစေ့ကုန်ကျမှုနည်းပြီး အပင်ပေါက်စုံပြီး အထွက်ကောင်းရန် အတွက် ကုန်ကျစရိတ်များသော်လည်း အလုပ်သမားငှားရမ်း၍ စိုက်ပျိုးမှုများကြောင်း သိရှိရသည်။

    ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်စိုက်ပျိုးချိန်တွင် မျိုးမြေပဲဆံတစ်ပြည်လျှင်ကျပ်(၇၀၀၀)ဈေး ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ (၁)ဧကလျှင် ငွေကျပ်(၇)သိန်းခန့် ကုန်ကျပြီး မြေပဲ အထွက်တင်းမှာ ရာသီဥတုအနေအထားပေါ်မူတည်၍ (၄၀ မှ ၅၅)တင်းထိ ထွက်ရှိကြောင်း၊ သီးနှံပေါ်ချိန် မြေပဲတောင့်(အခြောက်)တစ်တင်းလျှင် ကျပ်(၃၂၀၀၀-၃၀၀၀၀)၊ အဆံ တစ်ပြည်လျှင် ကျပ်(၇၀၀၀ - ၁၂၀၀၀)ဈေးဖြင့်ရောင်းချရ၍ ငွေကျပ်(၁၀)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ တောင်သူတစ်ဦးချင်း အနေဖြင့် သွင်းအားစုသုံးစွဲမှုမတူညီ၍ အထွက်နှုန်းမတူညီခြင်းကြောင့် အကျိုးအမြတ်ရရှိမှုမှာလည်း မတူညီကြောင်း သိရသည်။

       ယခုလက်ရှိ ဒေသတွင်းဈေးကွက်တွင် မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ပဲဆုံဆီ ကျပ် (၁၈၀၀၀)၊ စက်ပဲဆီ ကျပ်(၁၆၀၀၀ - ၁၆၅၀၀)၊ ပဲရောဆီ ကျပ်(၁၃၀၀၀ - ၁၄၀၀၀) ဈေးဖြင့် အရောင်းအ ဝယ်ဖြစ်လျက်ရှိပြီး ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၉၀၀ - ၆၀၀၀)၊ မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၇၂၀၀ - ၈၅၀၀ - ၉၀၀၀)ပေါက်ဈေးရှိကြောင်း၊ မြေပဲဈေးကွက်အနေဖြင့် ၂၀၂၂ခုနှစ်၊ ဩဂုတ်လမှစ၍ ပြည်ပ အဝယ်လိုက်ခြင်းကြောင့် ဈေးနှုန်းမြင့်တက်အရောင်းအဝယ်ဖြစ်ခဲ့ရာမှ မြေပဲဈေးကွက် ပြန်လည်ကျဆင်း

ခြင်းမရှိ ယခုအချိန်ထိ ဈေးကွက်ခိုင်မာလျက်ရှိကြောင်း၊ ယခုနှစ်တွင်ပြည်တွင်းစားသုံးသူများမှ ဒေသ သီးနှံထွက် မြေပဲဆီဝယ်ယူစားသုံးမှုမြင့်မားလာ၍ ဆီစက်များ တွင်ကျယ်စွာလည်ပတ်ခြင်းကြောင့် ဆီစက်လုပ်ငန်းရှင်များမှ မြေပဲဝယ်ယူမှုများခြင်းအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်ရှိခြင်း ကြောင့် ပြည်တွင်း မြေပဲဈေးကွက်ခိုင်မာမှုရရှိနေ၍ ဒေသတွင်း ဆီထွက်သီးနှံမြေပဲစိုက် တောင်သူများမှလည်း မိမိမိသားစု စားသုံးဆီဖူလုံမှုရရှိသည့်အပြင် အကျိုးအမြတ်ရရှိခြင်းကြောင့် ဆီထွက်သီးနှံမြေပဲ စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိရသည်။

DOCA(မကွေး)